
ဆန်းဒါးလန်းနဲ့ပွဲမှာ ပွဲပြီးခါနီးဂိုးနဲ့ သရေ ၁ မှတ်ပဲ ရယူနိုင်ခဲ့တဲ့အပေါ် ကစားသမားတွေကို အပြစ်တင်စရာမရှိဘူးလို့ နည်းပြ အာတေတာ က ပြောသွားပါတယ်။
အာဆင်နယ်ဟာ ဆန်းဒါးလန်းကို ဦးဆောင်ဂိုးအရင်ပေးခဲ့ရပေမဲ့ ဒုတိယပိုင်းအစမှာ ၂ ဂိုး ဆက်တိုက်သွင်းပြီး ပွဲကိုဦးဆောင်နိုင်ခဲ့တာပါ။
ဒါပေမဲ့ ပွဲပြီးခါနီး ၉၆ မိနစ်မှာ ချေပဂိုးပေးလိုက်ရတဲ့အပေါ် ကစားသမားတွေအပေါ် အပြစ်တင်စရာမရှိကြောင်း နည်းပြအာတေတာ က ပြောပါတယ်။
အသင်းဟာ ပြီးခဲ့တဲ့ ၁၀ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး ပေးဂိုးလည်း မရှိခဲ့ကြောင်း၊ တိုက်စစ်ကစားသမား ၇ ဦးလောက် ဒဏ်ရာရရှိနေချိန်မှာတောင် ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာဖြစ်ပြီး သရေပွဲအကြောင်းစဉ်းစားမနေဘဲ ရှေ့ဆက်သွားရုံသာရှိကြောင်း နည်းပြအာတေတာ က ပြောပါတယ်။
နောက်ကျချေပဂိုးက စိတ်ပျက်စရာဖြစ်ခဲ့ပေမဲ့ ကလာဖီအိုရီနဲ့ မယ်ရီနို တို့က အနိုင်ဂိုးထပ်ရမဲ့အခွင့်အရေးတွေရခဲ့ပြီး အသုံးမချနိုင်ခဲ့တဲ့အပေါ် လက်ခံသွားရမှာဖြစ်ကြောင်း နည်းပြအာတေတာ က ပြောသွားပါတယ်။


