Home
မြန်မာသတင်း
တီးတိန်မြို့နယ် တိုက်ပွဲများ၌ စစ်တပ်ဘက်က ၄၀ ကျော်သေဆုံးဟု ချင်းညီနောင်ထုတ်ပြန်
DVB
·
November 8, 2025
Photo : PDF Zoland
Photo : PDF Zoland
Photo : PDF Zoland

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ပြီး စစ်တပ်ဘက်က အနည်းဆုံး အယောက် ၄၀ သေဆုံးသလို စစ်တပ်ကဖမ်းထားတဲ့ ဒေသခံပြည်သူတွေကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ PDF Zoland က နိုဝင်ဘာ ၇ ရက် ညမှာထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး အင်အား ၄၀၀ လောက်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ တီးတိန်မြို့ကနေ ကလေးလမ်းပိုင်း သိုင်းငင်းဘက်ကို ဦးတည်စစ်ကြောင်းထိုးလာတာကြောင့် ချင်းညီနောင်တပ်ဖွဲ့တွေနဲ့ နေ့တိုင်း ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်လာခဲ့ပြီး နိုဝင်ဘာ ၆ ရက်မှာတော့ စစ်တပ်ရဲ့ဖမ်းဆီး အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးတယောက် အပါအဝင် ဒေသခံပြည်သူ ၁၄ ယောက်ကို ချင်းညီနောင်က ကယ်တင်နိုင်ခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

တိုက်ပွဲတလျှောက်မှာ စစ်တပ်ဘက်က အနည်းဆုံး အယောက် ၄၀ လောက် သေဆုံး၊ အများအပြား ဒဏ်ရာရသလို ထွက်ပြေးသူတွေလည်းရှိပြီး စစ်တပ်ကချောဆွဲထားတဲ့ ပြည်သူပိုင်ကားတစီးနဲ့ စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကစလို့ တီးတိန်မြို့ ခလရ ၂၆၉ ထဲကို Mi 17 အမျိုးအစား ရဟတ်ယာဉ်နဲ့ အခေါက်ရေ ၂၆ ကြိမ် ဆင်းသက်ပြီး တပ်အင်အား ၅၀ဝ လောက်ကို ပို့ပြီးတဲ့နောက် အောက်တိုဘာ ၂၉ ရက်နေ့မှာ အင်အား ၂၀၀ ကျော်ထွက်လာပြီး ဆဲဇန်ရွာမှာ စခန်းချ ညအိပ်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၃၀ ရက်မှာတော့ တီးတိန်-ကလေးလမ်း ဒိမ်လို လမ်းခွဲနားမှာ ချင်းညီနောင်တပ်ဖွဲ့တွေနဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က စစ်ကူတွေ ထပ်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် နေ့တိုင်းဆိုသလို တိုက်ပွဲတွေပြင်းထန်ပြီး နိုဝင်ဘာ ၆ ရက်မှာ စစ်တပ်ရဲ့ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေကို ကယ်ထုတ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013