
တိုင်ဖွန်းမုန်တိုင်း “ကာလ်မေဂီ” ဟာ လက်ရှိမှာ အပူပိုင်းမုန်တိုင်း “ကာလ်မေဂီ” အဖြစ် အားလျော့သွားခဲ့ပြီး လာအိုနိုင်ငံ ကုန်းတွင်းပိုင်းဒေသတွေကို ဆက်လက်ဖြတ်ကျော်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးဇလက ဒီကနေ့ နိုဝင်ဘာ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ခုလို တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်သလို စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ နေရာကွက်ကျား၊ မန္တလေးတိုင်း၊ မကွေးတိုင်း နဲ့ ရခိုင်ပြည်နယ်တွေမှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ အရှေ့ပိုင်း) တွေမှာ နေရာစိပ်စိပ်၊ ကျန်တိုင်း နဲ့ ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ ဆိုထားပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်က “မုန်တိုင်းအကြွင်းအကျန်တွေကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း နဲ့ အရှေ့ပိုင်းဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေမှာ နိုဝင်ဘာ ၈ ရက်နေ့ကနေစပြီး တိုင်ဖုန်းအကြွင်းအကျန်တွေကြောင့် မိုးပြန်ရွာနိုင်တယ်” လို့ ပြောဆိုပါတယ်။
ဒါ့အပြင် ပဲခူး၊ ဧရာဝတီ နဲ့ တနင်္သာရီတွေမှာ မိုးတိမ်တောင် ဖြစ်ထွန်းမှု အားကောင်းနေပြီး မိုးတိမ်တောင် ရွေ့လျားရာနေရာတလျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ နဲ့ မိုးသီးကြွေတာတို့ ဖြစ်ပေါ်စေနိုင်တယ်လို့ မိုးဇလထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၂၅ မိုင် ကနေ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါတယ်။
လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ၇ ပေကနေ ၉ ပေ လောက် ရှိနိုင်ပါတယ်။
နောက် ၂ ရက်အတွက် မိုးဇလရဲ့ ခန့်မှန်းချက်တွေကတော့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ ရှမ်းပြည်နယ်တွေမှာ နေရာအနှံ့အပြားနဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တွေမှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ဆိုထားပါတယ်။
အပူပိုင်းမုန်တိုင်း “ကာလ်မေဂီ” ဟာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း လာအိုနိုင်ငံ နဲ့ ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေမှာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်တယ်လို့ ဆိုပါတယ်။
ကေခိုင်


