
ဗီယက်နမ်နိုင်ငံကို တိုင်ဖွန်းမုန်တိုင်း ကာဂျီကီ တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၃ ယောက် သေဆုံးပြီး တခြား ၁၀ ယောက် ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက သြဂုတ် ၂၆ ရက်မှာ ပြောကြားခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်စေနိုင်ကြောင်းလည်း သတိပေးထားပါတယ်။
မုန်တိုင်းကြောင့် အိမ်ခြေ ၇,၀၀၀ နီးပါး ပျက်စီးခဲ့ပြီး စပါးစိုက်ပျိုးမှု ၂၈,၈၀၀ ဟက်တာ ရေနစ်မြုပ်ကာ သစ်ပင် ၁၈,၀၀၀ လောက် လဲကျခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
လျှပ်စစ်ဓာတ်တိုင် ၃၃၁ တိုင်လည်း လဲကုန်တာကြောင့် ထိုင်းဟွာ၊ နယ့်အန်း၊ ဟာတင်းန်၊ ထိုင်ငူယန်း၊ ဖူထော့ ပြည်နယ်တွေရဲ့ နေရာအနှံ့အပြား မီးတွေပျက်နေပါတယ်။
လေထုအတွင်း သုတေသန ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (CIRA) က ရရှိထားတဲ့ ဂြိုဟ်တုပုံရိပ်နဲ့ အချက်အလက်တွေအရ သြဂုတ် ၂၃ ရက်က တောင်တရုတ်ပင်လယ်ပြင်မှာ အပူပိုင်းမုန်တိုင်းအဖြစ် မြန်မြန်ဆန်ဆန် ဖြစ်ပေါ်နေတဲ့ ကာဂျီကီဟာ သြဂုတ် ၂၅ ရက်မှာတော့ ဗီယက်နမ်အလယ်ပိုင်း ဒေသရဲ့ မြောက်ဘက်မှာ တိုင်ဖွန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာကာ ဗင်းန်မြို့အနီး ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပါတယ်။
တနင်္လာနေ့ မွန်းလွဲပိုင်းက ဗီယက်နမ်အလယ်ပိုင်း မြောက်ဘက် ကမ်းရိုးတန်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာပြီးနောက်မှာ ကာဂျီကီဟာ အင်္ဂါနေ့မနက်ပိုင်းမှာ လာအိုနိုင်ငံကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး အပူပိုင်းမုန်တိုင်းငယ်အဖြစ် အားပျော့သွားကြောင်း အမျိုးသား မိုးလေဝသ အေဂျင်စီက ပြောပါတယ်။
Source: Reuters