
လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် လာမယ့် ၂၄ နာရီအတွင်း ငလျင်ဒဏ်သင့်တဲ့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့ အပါအဝင် မြန်မာနိုင်ငံက ဒေသကြီး ၁၂ ခုမှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဧပြီ ၇ ရက် ညနေ ၄ နာရီမှာ ထုတ်ပြန်ထားပါတယ်။
အိန္ဒိယမိုးလေဝသဌာနရဲ့ ဧပြီ ၇ ရက် ခန့်မှန်းချက်တွေအရ ဘင်္လားပင်လယ်အော် တောင်ဘက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းက လာမယ့် ၂၄ နာရီအတွင်း အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း သိရပါတယ်။
အဲဒီ လေဖိအားနည်းရပ်ဝန်းက ဧပြီ ၈ ရက်ကနေ လာမယ့် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းရဲ့ မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ သိရပါတယ်။
လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် လာမယ့် ၂၄ နာရီအတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာတော့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
မိုးလေဝသ ခန့်မှန်းတွက်ချက်မှုပြ Model တွေ အရကတော့ လေဖိအားနည်းရပ်ဝန်းက ဆက်လက် အားကောင်းလာဖို့ မရှိကြောင်း ခန့်မှန်းထားပေမဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ လမ်းကြောင်းနဲ့ အားကောင်းလာမှု အခြေအနေကို စောင့်ကြည့်ဖို့လိုအပ်ပြီး ငလျင်ဘေးဒဏ်သင့်ဒေသက ပြည်သူတွေအနေနဲ့ မိုးရွာသွန်းတာ၊ စိုက်ဆင်း လေပြင်းတိုက်ခတ်တာ၊ မိုးတိမ်တောင်တွေ ဖြစ်ပေါ်တာတွေနဲ့အတူ နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေကို အထူးသတိပြုဖို့ လိုကြောင်း NUG က ထုတ်ပြန်ထားပါတယ်။
မန္တလေးမြို့နဲ့ အနီးတဝိုက်အတွက် မနက်ဖြန်မနက်အထိ ခန့်မှန်းချက်ကတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်းနဲ့ ရွာရန် ရွာနှုန်း ၈၀ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဧပြီ ၇ ရက် မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။
ဝေဝေ