
ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းမုန်တိုင်း ဖှုန့်ရှန်ကြောင့် မိုးကြီးပြီး မုန်တိုင်းဒီရေတွေ တက်လာတဲ့အတွက် နိုင်ငံအလယ်ပိုင်း ကားပိဇ်ပြည်နယ် ရိုဇက်ဒေသက ဒေသခံတွေကို အောက်တိုဘာ ၁၉ ရက် မနက်အစောပိုင်းက ရော်ဘာလှေတွေနဲ့ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အပူပိုင်းမုန်တိုင်း ဖှုန့်ရှန်ကြောင့် လူ ၈ ယောက် သေဆုံးပြီး ထောင်သောင်းချီတဲ့လူတွေ ဘေးလွတ်ရာ ရွှေ့ခဲ့ရသလို လမ်းတွေ ရေနစ်မြုပ်နေပါတယ်။
ဒေသအလိုက် ရာမီလ်လို့ နာမည်ပေးထားတဲ့ ဖှုန့်ရှန်မုန်တိုင်းဟာ အောက်တိုဘာ ၁၈ ရက် အစောပိုင်းမှာ စော်စိုဂွန်ပြည်နယ်ကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီး အမြင့်ဆုံး လေတိုက်နှုန်းက တနာရီကို ၆၅ ကီလိုမီတာကနေ ကီလိုမီတာ ၉၀ အထိ တိုက်ခတ်ခဲ့တယ်လို့ ဖိလစ်ပိုင် မိုးလေဝသဗျူရိုက ပြောပါတယ်။
မုန်တိုင်းဟာ အဓိက လူဇွန်ကျွန်းမကြီးကို ဖြတ်သန်းပြီး အနောက်-အနောက်မြောက်ဘက်ဆီ ရွေ့လျားနေပြီး သီတင်းပတ်ကုန်ရက်မှာ နေရာအနှံ့ မိုးရွာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ဖှုန့်ရှန်မုန်တိုင်းဟာ စာမာပြည်နယ်မှာ နည်းနည်း အားပျော့သွားပေမဲ့ တနင်္ဂနွေနေ့မှာ ကုန်းမြေကနေ ထွက်ခွာပြီးတာနဲ့ အားပြန်ကောင်းလာနိုင်တာပါ။ မုန်တိုင်းဟာ အောက်တိုဘာ ၂၀ ရက် အစောပိုင်းမှာ ဖိလစ်ပိုင် ပိုင်နက်ကနေ ထွက်ခွာမယ်လို့ ခန့်မှန်းထားပါတယ်။
ရေကြီးရေလျှံမှုတွေနဲ့ ကမ်းရိုးတန်းက ဒေသခံတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းဖို့ ဒေသန္တရအစိုးရတွေက တိုက်တွန်းထားပေမဲ့ တံငါသည်တွေနဲ့ သင်္ဘောငယ်တွေကတော့ ပင်လယ်မှာ လှိုင်းကြမ်းနေလို့ ကမ်းနားမှာ ကပ်ထားဖို့ အကြံပြုထားပါတယ်။
မုန်တိုင်း ဖှုန့်ရှန်ကြောင့် ဗီယက်နမ်နိုင်ငံမှာ ၆ ရက်ကြာအောင် မိုးသည်းနေလို့ ဗီယက်နမ် အလယ်ပိုင်းမှာ မြစ်ရေမျက်နှာပြင်ဟာ တတိယ(အမြင့်ဆုံး) သတိပေးချက်အဆင့်ထက် ကျော်လွန်ခဲ့ပါတယ်။
ရုတ်တရက် ရေကြီးမြေပြိုမယ့် အန္တရာယ်တွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။
တရုတ်နိုင်ငံက မုန်တိုင်းအတွက် အပြာရောင် တိုင်ဖွန်းသတိပေးချက် ထုတ်ပြန်ထားပြီး ပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်း ဒါမှမဟုတ် တိုင်ဖွန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာမယ်လို့လည်း ခန့်မှန်းပါတယ်။
တိုင်ဖွန်းမုန်တိုင်းအဖြစ် ပိုအားကောင်းလာခဲ့ရင် လေတိုက်နှုန်း တနာရီ ၁၂၆ ကီလိုမီတာအထိ ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။
လာအိုနိုင်ငံကလည်း အပူပိုင်းမုန်တိုင်း ဖှုန့်ရှန် ချဉ်းကပ်လာချိန်မှာ မြေပြိုတာနဲ့ ရုတ်တရက် ရေကြီးတာတွေ ဖြစ်လာနိုင်လို့ နေရာအနှံ့ မိုးသည်းမယ့်ဘေးကနေ ကြိုတင်ပြင်ဆင်ထားဖို့ ဒေသခံတွေကို တိုက်တွန်းထားပါတယ်။
Source: Reuters


