
ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ နိုဝင်ဘာ ၆ ရက်က အမေရိကန်ရေးဆွဲခဲ့တဲ့ ဆုံးဖြတ်ချက်အရ ဆီးရီးယားသမ္မတ အာမက်အယ်လ်ရှာရာနဲ့ ပြည်ထဲရေးဝန်ကြီး အာနက်စ်ခါတက်ဘ်တို့အပေါ် ပိတ်ဆို့မှုတွေကို ဖယ်ရှားခဲ့ပါတယ်။
ဆီးရီးယားသမ္မတ အယ်လ်ရှာရာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အိမ်ဖြူတော်မှာ နိုဝင်ဘာ ၁၀ ရက်နေ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ဝါရှင်တန်ဟာ အဖွဲ့ဝင် ၁၅ ယောက်ပါ လုံခြုံရေးကောင်စီကို ဆီးရီးယားအပေါ် ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ လနဲ့ချီ တိုက်တွန်းနေခဲ့တာပါ။
ထရမ့်ပ်ဟာ မေလမှာ အမေရိကန်ရဲ့ ဆီးရီးယားအပေါ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းမယ်လို့ ပြောကြားခဲ့ခြင်းအားဖြင့် အမေရိကန်ရဲ့ မူဝါဒပြောင်းလဲမှုကြီးတခုကို ကြေညာခဲ့ပါတယ်။
အမေရိကန်သံအမတ်ကြီး မိုက်ခ်ဝေါ့ဇ်က “ကုလလုံခြုံရေးကောင်စီဟာ အာဆတ်နဲ့ သူ့အပေါင်းအပါတွေ ဖြုတ်ချခံရပြီးနောက်ပိုင်း ဆီးရီးယားဟာ ခေတ်သစ်တခုမှာ ရှိနေပြီ ဆိုတာကို အသိအမှတ်ပြုတဲ့ ခိုင်မာတဲ့ နိုင်ငံရေးဆိုင်ရာ အချက်ပြမှုကို ပေးပို့နေတာပါ” လို့ ကြာသပတေးနေ့က မဲခွဲပြီးနောက်မှာ ပြောကြားခဲ့ပါတယ်။
ကုလလုံခြုံရေးကောင်စီမှာ ထောက်ခံမဲ ၁၄ မဲ ရရှိခဲ့ပြီး တရုတ်က ကြားနေမဲ ပေးခဲ့ပါတယ်။
နှစ်ပေါင်းများစွာ လုံခြုံရေးကောင်စီရဲ့ သဘောထားကွဲပြားမှုတွေ အပြီးမှာ ဆီးရီးယားရဲ့ ကုလသမဂ္ဂသံအမတ်ကြီး အီဘရာဟင် အိုလာဘီက ကြာသပတေးနေ့ ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ပါတယ်။
၁၃ နှစ်ကြာ ပြည်တွင်းစစ်အပြီးမှာ အစ္စလာမ္မစ် ဟာယတ်တာရီအယ်လ်ရှမ် (HTS) ဦးဆောင်တဲ့ သူပုန်တပ်ဖွဲ့တွေရဲ့ လျှပ်တပြက်တိုက်ခိုက်မှုကြောင့် ဆီးရီးယားသမ္မတ အာဆတ်ဟာ ဒီဇင်ဘာလမှာ ရာထူးကနေ ဖြုတ်ချခံခဲ့ရပါတယ်။
အရင်က နူဆေရာ တပ်ဦးအဖြစ် လူသိများတဲ့ HTS အဖွဲ့ဟာ ၂၀၁၆ ခုနှစ်မှာ ဆက်ဆံရေး မပြတ်တောက်ခင်အချိန်အထိ အယ်လ်ခိုင်းဒါးအဖွဲ့ရဲ့ ဆီးရီးယားရှိ တရားဝင်အဖွဲ့တခု ဖြစ်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ် မေလကတည်းက အဲဒီအဖွဲ့ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အယ်လ်ခိုင်းဒါးနဲ့ အစ္စလာမ္မစ်နိုင်ငံတော် ပိတ်ဆို့မှုစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
HTS အဖွဲ့ဝင် အများအပြားလည်း ကုလသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေအောက်မှာ ရှိနေပြီး ခရီးသွားလာခွင့်တွေ၊ ပိုင်ဆိုင်မှုတွေနဲ့ လက်နက်အရောင်းအဝယ်တို့ကို ပိတ်ပင်ခံထားရတာပါ။
ဆီးရီးယားသမ္မတနဲ့ ပြည်ထဲရေးဝန်ကြီးတွေ ဖြစ်လာတဲ့ ရှာရာနဲ့ ခါတက်ဘ် တို့အပေါ် ပိတ်ဆို့မှုတွေကို အခုတော့ ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
ကုလသမဂ္ဂ ပိတ်ဆို့မှုစောင့်ကြည့်သူတွေဟာ အယ်လ်ခိုင်းဒါးနဲ့ HTS အကြား “တက်ကြွတဲ့ ဆက်ဆံရေး” ကို အခုနှစ်မှာ မတွေ့ရှိခဲ့ဘူးလို့ ဇူလိုင်လတုန်းက ရိုက်တာသတင်းဌာန မြင်တွေ့ခဲ့ရတဲ့ ကုလသမဂ္ဂ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
Source: Reuters


