
ယူကရိန်းနိုင်ငံမြောက်ပိုင်း ဆူမီမြို့မှာ ဧပြီ ၁၃ ရက်က ရုရှားဒုံးကျည်နဲ့ တိုက်ခိုက်ခံရပြီးနောက် ခရီးဖော် ဘတ်စ်ကားစီးခရီးသည်တွေကို ကူညီကယ်တင်ခဲ့တဲ့ ၁၃ နှစ်အရွယ် ယောက်ျားလေးတယောက်ဆီကို ယူကရိန်းပြည်ထဲရေးဝန်ကြီး အီဟော်ရ်ကလီမန်ကိုက လာရောက်တွေ့ဆုံကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
အသက် ၁၃ နှစ်သားလေး ကိုင်ရီလို အီလ်ယာရှန်ကိုနဲ့ သူ့မိခင်တို့ဟာ လေ့ကျင့်ရေးတခုဆီကို ဘတ်စ်ကားစီးကာ သွားရောက်နေတုန်း ရုရှားဒုံးကျည်က မော်တော်ယာဉ်အနီးအနားကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ကလီမန်ကိုက တယ်လီဂရမ်မှာ ပို့စ်တင် ရေးသားထားပါတယ်။
ပေါက်ကွဲမှုဖြစ်ချိန်မှာ ပတ်ဝန်းကျင်က မှောင်မဲသွားပြီး ဘတ်စ်ကား ပြတင်းမှန်တွေ ကွဲကြေပြီး မျက်နှာတွေကို လာစိုက်ဝင်လို့ သွေးအလိမ်းလိမ်း ဖြစ်နေတာလို့ အီလ်ယာရှန်ကိုရဲ့ မိခင်က ကြုံလိုက်ရတဲ့ အဖြစ်သနစ်ကို ပြန်ပြောင်းပြောပြပါတယ်။
သူ့သားလေးက ဘေးကပ်ရက်မှာ ထိုင်နေပေမဲ့ မှောင်နေလို့ အသားချင်းထိနေတာတောင် မမြင်ရဘူးလို့ ဆိုပါတယ်။
အရင်ဆုံး တဖက်ခြမ်းက ကားတံခါးကို ဖွင့်ဖို့ ကြိုးစားပေမဲ့ လူတွေ မြေကြီးပေါ်လဲနေလို့ ဖွင့်မရဘူးလို့လည်း ပြောဆိုပါတယ်။
ဘတ်စ်ကားမှာ လူတွေအပြည့်စီးလာပြီး အယောက် ၄၀ လောက်ရှိတယ်လို့ ဆယ်ကျော်သက် ကိုင်ရီလို အီလ်ယာရှန်ကိုက ပြောပါတယ်။
ကောင်ကလေးဟာ သူ့မိခင်ရဲ့ကူညီမှုနဲ့ ပြတင်းပေါက်ကို ခွဲပြီး သော့ခတ်ထားတဲ့ တံခါးကို အပြင်ကနေဖွင့်ပြီး တခြားခရီးသည်တွေကို ထွက်သွားအောင် ကူညီပေးခဲ့ကာ လမ်းပေါ်မှာလည်း တခြားဒုက္ခသည်တွေကို ကူညီပေးခဲ့တယ်လို့ ဝန်ကြီးက သူ့ရဲ့ပို့စ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က ဆူမီမြို့လယ်ခေါင်ကို ရုရှားပဲ့ထိန်းဒုံးကျည် ၂ စင်း ကျရောက်ခဲ့လို့ လူ ၃၅ ယောက် သေဆုံးပြီး ၁၁၇ ယောက် ဒဏ်ရာရခဲ့ကြောင်းနဲ့ အခုနှစ်အတွင်း ယူကရိန်းမှာ လူအသေအပျောက် အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
Source : Reuters


