Home
နိုင်ငံတကာ
ပီရူးပြည်ထဲရေးဝန်ကြီး ရာထူးဖယ်ရှား ခံရ
DVB
·
March 22, 2025
photo:Reuters

ပီရူးပြည်သူတွေနဲ့ အနုပညာရှင်တွေ ထောင်နဲ့ချီပြီး မတ် ၂၁ ရက်က လီမာမြို့တော်ရဲ့ လမ်းတွေပေါ် ထွက်ကာ ရာဇဝတ်မှု လှိုင်းလုံးတွေ မြင့်တက်လာနေခြင်းအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဆန္ဒမဲ ခွဲကာ ပြည်ထဲရေးဝန်ကြီးကို ရာထူးဖယ်ရှား ခဲ့ကြပါတယ်။ 

မတ် ၁၆ ရက်က ပီရူး တေးဂီတအဖွဲ့ အာမိုနီယာ တန်းန်မှ နာမည်ကျော် ကမ်ဘီယာ ကျေးလက် အဆိုတော် ပေါလ်ဖှလောစ်ဟာ အဖွဲ့ကို ပို့ဆောင်နေတဲ့ ဘတ်စ်ကားပေါ်မှာ ပစ်သတ်ခံခဲ့ပြီး အာမိုနီယာ တန်းန် တေးဂီတအဖွဲ့ရဲ့ မန်နေဂျာကတော့ ရာဇ၀တ်ဂိုဏ်း တခုရဲ့လက်ချက်လို့ စွပ်စွဲခဲ့ကြောင်း လက်တင်အမေရိက မီဒီယာက ဖော်ပြပါတယ်။ 

ဒီအမှုအပေါ် နိုင်ငံအတွင်း ဒေါသဖြစ်ခဲ့ကြပြီး  အာမိုနီယာ တန်းန် အပါအဝင် ပီရူးတေးဂီတ အဖွဲ့ တချို့က “#wedontwanttodie”  ဆိုတဲ့ လှုံ့ဆော်မှုမှာ ပါဝင်ခဲ့ကြပါတယ်။ 

ပီရူးနိုင်ငံမှာ အနုပညာရှင်တွေလိုမျိုး ပြည်သူတွေ ဒီနေ့ ကြုံနေရတဲ့ ငွေညှစ်မှု၊ ခြိမ်းခြောက်မှု၊ အန္တရာယ်နဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကို ပင်ပန်းနေပြီဖြစ်လို့ ဒါတွေကို ကန့်ကွက်ကြောင်း ထုတ်ပြောနေရတာပါလို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။ 

နိုင်ငံတွင်း မလုံခြုံမှုတွေကို အစိုးရက အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ ဆန္ဒပြ တောင်းဆို ခဲ့ကြပါတယ်။ 

တောင်အမေရိကနိုင်ငံမှာ ရာဇ၀တ်မှုတွေ တိုးပွားလာမှုကို တုံ့ပြန်တဲ့အနေနဲ့ သောကြာနေ့ မနက်ခင်းမှာ လွှတ်တော်အမတ်တွေက နိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီး ဟွမ်န် ဟိုဆေး ဆန်တီဗာညေ ကို ဖြုတ်ချဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။

ပီရူးကွန်ဂရက်ရဲ့ တရားဝင် X အကောင့်မှာ “ဆန်တီဗာညေဟာ သူ့ရဲ့ နိုင်ငံရေးတာဝန်နဲ့ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ နိုင်ငံသားမလုံခြုံမှုလှိုင်းကို ဖြေရှင်းဖို့ မစွမ်းဆောင်နိုင်မှု" အတွက် ရာထူးမှဖယ်ရှားခံခဲ့ရကြောင်း ပို့စ်တင်ထားပါတယ်။ 

သမ္မတ ဒီနာ ဘိုလွာတေးက သောကြာနေ့ ညပိုင်းမှာ နိုင်ငံကို မိန့်ခွန်းပြောကြားပြီး ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ အမိန့်ပေးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ 

အရေးပေါ် အခြေအနေ စတင်ချိန်ကတည်း အဲဒီစစ်ဆင်ရေးတွေကြောင့် သံသယရှိသူ ၉၄၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

ပီရူးအစိုးရဟာ မတ် ၁၇ ရက်က မြို့တော်လီမာမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး မကြာသေးခင်က အကြမ်းဖက်မှုတွေကို ချေမှုန်းဖို့ စစ်သားတွေကို လမ်းတွေပေါ်မှာ လုံခြုံရေး တာဝန် ချထားပေးခဲ့ပါတယ်။ 

ပီရူးမှာ လူသတ်မှု အရေအတွက်ဟာ ၂၀၂၄ ခုနှစ်မှာ ၃၅ ရာခိုင်နှုန်းကျော် တိုးလာခဲ့ပြီး ၂၀၂၃ ခုနှစ်က ၁၅၀၈ မှု ကနေ မနှစ်က ၂၀၅၉ မှုအထိ ရှိခဲ့ကြောင်း သေဆုံးမှုကို ခြေရာခံတဲ့ အမျိုးသား အေဂျင်စီက ဆိုပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013