
ပီရူးနိုင်ငံရဲ့ မြို့တော်လီမာမှာ ရာဇဝတ်မှု လှိုင်းလုံးတွေ လွှမ်းမိုးနေတာကြောင့် ပီရူးအစိုးရက မတ် ၁၇ ရက်က အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး နာမည်ကြီးအဆိုတော် တယောက် အသတ်ခံရမှုကြောင့် ဖြစ်လာတဲ့ လတ်တလော အကြမ်းဖက်မှုတွေကို ချေမှုန်းရာမှာ ကူညီဖို့ စစ်သားတွေကို လမ်းမတွေပေါ်မှာ တာဝန်ချထားခဲ့ပါတယ်။
ပီရူးနိုင်ငံဟာ နိုင်ငံတော်သစ္စာဖောက်တွေကိုသာ စီရင်ကွပ်မျက်ဖို့ ခွင့်ပြုထားပေမဲ့ တရားမဝင် ခြိမ်းခြောက်ငွေညှစ်တာ အပါအဝင် ရာဇဝတ်မှု ကျူးလွန်တဲ့ လူသတ်သမားတွေကိုလည်း သေဒဏ်ကျခံရမှာဖြစ်ကြောင်း ပီရူးသမ္မတ ဒီနာဘိုလွာတေးက ပြောပါတယ်။
ရက်ပေါင်း ၃၀ ကြာ အရေးပေါ်အမိန့်ဟာ လီမာ အပြင် အနီးနားရှိ ကာယောင်းပြည်နယ်နဲ့ပါ သက်ဆိုင်ပြီး အာဏာပိုင်တွေကို ဥပဒေမဲ့ ပြုမူမှုတွေကို တိုက်ဖျက်ရာမှာ စစ်တပ် သုံးစွဲခွင့်ကိုပါ အာဏာထပ်တိုးခွင့်ပြုထားပါတယ်။
အမြင့်ဆုံး အမိန့်ဒီဂရီအရ စစ်တပ်က နိုင်ငံတော် ရဲတပ်ဖွဲ့ကို ကူညီဆောင်ရွက်ပေးနေပြီး စစ်သား ၃,၀၀၀ အထိ တိုးမြှင့်ချထားဖို့ စီစဉ်နေကြောင်း ပီရူးစစ်တပ် ပူးတွဲကွပ်ကဲရေးမှူး ဒါဗိဒ် အိုဟေဒါ က ပြောပါတယ်။
တနင်္ဂနွေနေ့အစောပိုင်းက နာမည်ကြီး ကျေးလက်ဂီတ အနုပညာရှင် ပေါလ်ဖလိုရက်စ် စီးလာတဲ့ ဘတ်စ်ကားကို အမည်မသိ လက်နက်ကိုင် တိုက်ခိုက်ရေးသမားတွေရဲ့ ပစ်ခတ်မှုကြောင့် အဆိုတော်လည်း ကွယ်လွန်သွားခဲ့ပြီး လူတွေ ဒေါသထွက်ခဲ့ကြပါတယ်။
ဖလိုရက်စ်ဟာ သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက်မှာ သေဆုံးသွားခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
အာဏာပိုင်တွေဟာ မကြာသေးခင်ကပဲ ဂိုဏ်းတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကြွေးကြော်ထားတာဖြစ်ပြီး ရက်သတ္တပတ်တွေအတွင်း အကြမ်းဖက်မှုတွေ ပြင်းထန်လာတာဟာ သယ်ယူပို့ဆောင်ရေးကုမ္ပဏီတွေ အပါအဝင် စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားလေ့ရှိတဲ့ ရာဇဝတ်ဂိုဏ်းတွေကြောင့်လို့ အပြစ်တင်ထားပါတယ်။
Source : Reuters