
ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ဥရောပချန်ပီယံလိဂ် ပွဲစဉ်မှာ စပိန်ကလပ် ဘာစီလိုနာအသင်းဟာ ဘယ်လ်ဂျီယံကလပ် ကလပ်ဘရာဂါအသင်းရဲ့ ဦးဆောင်ဂိုးတွေ သွင်းယူတာကို အကြိမ်ကြိမ်ခွင့်ပြုခဲ့ရပြီး အနောက်က လိုက်ကစားကာ သရေကျခဲ့ပါတယ်။
ဘရာဂါအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၆ မိနစ်မှာကတည်းက ဖော့ဘ်ရဲ့ ပေးပို့မှုကတဆင့် ထရက်စ်ဆော်ဒီက သွင်းယူခဲ့ပါတယ်။
အဲဒီနောက် ၂ မိနစ်အကြာ ပွဲချိန် ၈ မိနစ်မှာ ဘာကာကစားသမား ဖာရန်တောရက်စ်က ချေပဂိုး သွင်းယူခဲ့ပါတယ်။
ဒါပေမဲ့ ပွဲကစားချိန် ၁၇ မိနစ်မှာတော့ ပထမဂိုးကို ဖန်တီးပေးခဲ့တဲ့ ဖော့ဘ်က တန်ပြန်တိုက်စစ်ကနေ ဘရာဂါအတွက် ဦးဆောင်ဂိုး ထပ်သွင်းခဲ့ပြီး ပွဲကို ပြန်ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲချိန် ၆၁ မိနစ်မှာတော့ ဘာကာကြယ်ပွင့် လာမိုင်းယာမယ်လ်က ဘာကာအတွက် ချေပဂိုးကို နောက်ခံလူတွေကြားက ဆွဲပြေးပြီး ကန်သွင်းခဲ့ပေမဲ့ ၂ မိနစ်အကြာမှာပဲ ဘာရာဂါတို့ ဦးဆောင်ဂိုး ထပ်သွင်းသွားပြန်ပါတယ်။
ဒီဂိုးကို တဂိုးဖန်တီးပြီး တဂိုးသွင်းကာ ခြေစွမ်းပြနေတဲ့ ဖော့ဘ်ကပဲ ထပ်သွင်းယူသွားတာပါ။
ဒါပေမဲ့ ပွဲချိန် ၇၇ မိနစ်မှာတော့ လာမိုင်းယာမယ်လ် ကန်သွင်းချက်ကို ဘရာဂါကစားသမား ခရစ္စတို ဇော့လစ်က ခေါင်းတိုက်ရာမှာ ကိုယ့်ဂိုးကိုပြန်သွင်းယူခဲ့မိပြီး ပွဲပြီးချိန်မှာ ၃ ဂိုးစီ သရေကျသွားခဲ့ပါတယ်။
ဒီပွဲအပြီးမှာတော့ ဥရောချန်ပီယံလိဂ်ဇယားမှာ ဘာစီလိုနာအသင်းက အဆင့် ၁၁ မှာ ရောက်ရှိသွားပြီး ကလပ်ဘရာဂါကတော့ အဆင့် ၂၂ မှာ ရှိနေပါတယ်။


