
ကွာရာဘတ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲထွက်လူစာရင်း အပြောင်းအလဲ များခဲ့တဲ့အပေါ် ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ရှင်းလင်းသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ စပါးအသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က ပွဲထွက်လူစာရင်းကို ၇ ယောက်အထိ အပြောင်းအလဲလုပ်ပြီး ပွဲထွက်ကစားခဲ့တာပါ။
ဒါပေမဲ့ ကွင်းလယ်လူ လာဗီယာက ပွဲအစ ၈ မိနစ်မှာပဲ ဒဏ်ရာရခဲ့လို့ ကိုင်ဆီဒိုနဲ့ လူစားလဲခဲ့ရသလို ပထမပိုင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်နေတာကြောင့် အန်ဇိုဖာနန်ဒက်ဇ်၊ ဂါနာချိုနဲ့ တိုက်စစ်မှူး ဒလတ်ဖ်တို့ကို ဒုတိယပိုင်းအစမှာပဲ တပြိုင်နက် လူစားလဲခဲ့ရတာပါ။
အန်ဇို၊ ကိုင်ဆီဒို၊ ဂက်စ်တိုနဲ့ တခြားကစားသမားအများစုကို အနားပေးချင်တာကြောင့် လူစားအပြောင်းအလဲ ကြီးမားခဲ့တာဖြစ်ပြီး အမာခံကစားသမားတွေအနေနဲ့ ၃ ရက်အတွင်း တပွဲကစားဖို့ အဆင်မပြေဘဲ အနားယူဖို့ လိုအပ်ကြောင်း နည်းပြမာရက်စ်ကာက ပြောသွားပါတယ်။
မာရက်စ်ကာဟာ အခုနှစ်ရာသီမှာ ပွဲထွက်လူစာရင်းကို ၈၅ ကြိမ်အထိ အပြောင်းအလဲ လုပ်ဆောင်ခဲ့ပြီး ပရီးမီးယားလိဂ် အသင်းတွေထဲမှာ အများဆုံးဖြစ်ပါတယ်။


