
ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဗင်နီဆီးယပ်စ် ဂျူနီယာဟာ အောက်တိုဘာ ၂၆ ရက်က ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ လူစားလဲခံရပြီးနောက် သူ့ရဲ့တုံ့ပြန်မှုအတွက် တောင်းပန်စကား ဆိုခဲ့ပါတယ်။
ဘရာဇီး တိုက်စစ်ကစားသမားဟာ ပွဲချိန် ၇၂ မိနစ်မှာ လူစားလဲခံခဲ့ရပြီးနောက် စိတ်ပျက်လက်ပျက်နဲ့ ဥမင်လိုဏ်ခေါင်းထဲကို တန်းတန်းမတ်မတ် ဝင်သွားခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲအပြီးမှာတော့ ဗင်နီဆီးယပ်စ်ဟာ ဘာစီလိုနာကစားသမား လာမိန်း ယာမယ်လ်ကို ထိပ်တိုက်တွေ့ဆုံဖို့ ကြိုးစားခဲ့ပါသေးတယ်။
အခုအခါမှာတော့ သူဟာ ပရိသတ်တွေ၊ အသင်းဖော်တွေနဲ့ ကလပ်အသင်းကို သူ့ရဲ့အပြုအမူအတွက် တောင်းပန်ခဲ့တာဖြစ်ပါတယ်။
သူက လူမှုကွန်ရက် X မှာ တောင်းပန်စကား ရေးသားခဲ့ပြီး အသင်းဖော်တွေ၊ ကလပ်အသင်းနဲ့ ဥက္ကဋ္ဌကိုလည်း လေ့ကျင့်ရေးကွင်းမှာ လူကိုယ်တိုင် တောင်းပန်ပြီးဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ဗင်နီဆီးယပ်စ်က “အယ်လ်ကလက်စီကိုပွဲမှာ လူစားလဲခံရချိန်က ကျနော့်ရဲ့တုံ့ပြန်မှုအတွက် မက်ဒရစ်ပရိသတ်အားလုံးကို ဒီနေ့ ကျနော်တောင်းပန်ချင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
လူစားလဲခံရချိန်မှာ သူက “အမြဲတမ်း ကျနော်ပဲ၊ ကျနော် အသင်းကထွက်တော့မယ်၊ ကျနော်ထွက်သွားတာ ပိုကောင်းတယ်၊ ကျနော်ထွက်တော့မယ်” လို့ ပြောနေတာကို ရုပ်သံကင်မရာတွေက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ဗင်နီဆီးယပ်စ်က “ပထမဆုံးနေ့ကတည်းက လုပ်ခဲ့သလိုပဲ ရီးရဲလ်မက်ဒရစ်ရဲ့ ကောင်းကျိုးအတွက် စက္ကန့်တိုင်းမှာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကျနော်ကတိပေးပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
Source: BBC


