
တိုက်စစ်မှူး နေမာကို ဘရာဇီးလက်ရွေးစင်အသင်းအတွက် ပြန်လည်ရွေးချယ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ နည်းပြအန်စလော့တီက အတည်ပြုပြောပါတယ်။
နေမာဟာ ဘရာဇီးအသင်းရဲ့ ဂိုးအများဆုံးကစားသမား ဖြစ်ပြီး လာမယ့် ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်မယ့် အလားအလားကို နည်းပြအန်စလော့တီက ပြန်လည်ဖြေကြားခဲ့တာပါ။
နေမာကို လက်ရွေးစင်မှာ ပြန်ရွေးဖို့အတွက် ဆွေးနွေးဖို့ အစီအစဉ်မရှိသေးကြောင်း၊ အကောင်းဆုံးကြံ့ခိုင်မှု အခြေအနေမှာရှိပြီး ကလပ်အသင်းမှာ ပွဲထွက်ကစားနိုင်တဲ့ အချိန်ရောက်မှသာ စောင့်ကြည့်သွားရမှာဖြစ်ကြောင်း အန်စလော့တီက ပြောပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲတခုလုံးကို ကစားနိုင်မယ့် ကြံ့ခိုင်မှုမရှိတဲ့ ကစားသမားတွေကို ရွေးချယ်မှာမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာအရ ထိပ်တန်းအဆင့်ကြံ့ခိုင်မှုရှိတဲ့ ကစားသမားတွေကိုပဲ ရွေးချယ်မယ်လို့ နည်းပြအန်စလော့တီက ပြောပါတယ်။
နေမာဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီးနောက် နိုဝင်ဘာ ၂ ရက်က ဆန်းတိုစ်အသင်းအတွက် နာရီဝက်လောက် လူစားဝင်ကစားခဲ့ပေမဲ့ အကောင်းဆုံးကြံ့ခိုင်မှု ပြန်ရဖို့ လိုအပ်သေးတာ ဖြစ်ပါတယ်။
Photo: Reuters


