
ဘရာဇီးသမိုင်းမှာ အသေအပျောက်အများဆုံးအဖြစ် ရီယိုဒီဂျနေရိုမြို့က ရဲတပ်ဖွဲ့ စစ်ဆင်ရေးတခုကြောင့် လူ ၁၃၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ရီယို ပြည်သူ့ကာကွယ်ရေးရုံးက ပြောပါတယ်။
ပြည်နယ်အာဏာပိုင်တွေက ကနဦး အစီရင်ခံထားတဲ့ သေဆုံးသူ အရေအတွက်ထက် ၂ ဆကျော် ပိုများခဲ့တာပါ။
သေဆုံးသူဦးရေ တရားဝင် အရေအတွက်က ၅၈ ယောက် ဖြစ်ပေမဲ့ မှုခင်းဆိုင်ရာအဖွဲ့တွေက အလုပ်ဆက်လုပ်နေလို့ သေဆုံးသူဦးရေ မြင့်တက်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း အုပ်ချုပ်ရေးမှူး ကလော်ဒီယို ကက်စထရိုက အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ကက်စထရိုက “သေဆုံးသူအားလုံးဟာ ရာဇဝတ်သားတွေ ဖြစ်နိုင်တယ်၊ ပဋိပက္ခက လူဦးရေထူထပ်တဲ့ ရပ်ကွက်မှာ မဟုတ်ဘဲ သစ်တောထူထပ်တဲ့ နေရာမှာ ဖြစ်ခဲ့တာ” လို့ ကက်စထရိုက ပြောပါတယ်။
ဒီစစ်ဆင်ရေးက ရီယိုမြို့ရဲ့ ရပ်ကွက်အများအပြားမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ထိန်းချုပ်ထားတဲ့ ကိုမန်ဒို ဗယ်မေလိုဂိုဏ်းကို ပစ်မှတ်ထားပါတယ်။
မြို့တွင်းဘဝက ပုံမှန်အခြေအနေဆီ ပြန်ရောက်လာပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ပုံမှန် ပြန်လည်ပတ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
C40 ထိပ်သီးအစည်းအဝေးနဲ့ Earthshot Prize အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပွဲတွေကို ဘရာဇီးအစိုးရက လက်ခံကျင်းပဖို့ စီစဉ်ထားတဲ့ ရက်မတိုင်မီကလေးမှာ စီးနင်းမှုဖြစ်ခဲ့တာပါ။
သေဆုံးသူဦးရေ မြင့်လာတာကို အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးတို့က ဝေဖန်ခဲ့ပြီး ဘေးဖယ်ခံထားရတဲ့ အသိုက်အဝန်းတွေမှာ အသက်အန္တရာယ် ရှိတဲ့အထိ အင်အားသုံးတာကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
Source: Reuters


