
အာလင်းဟာလန်းရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ မန်စီးတီးအသင်းက ဘုန်းမောက်ကို အနိုင်ယူပြီး အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းသွားပါတယ်။
မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ဘုန်းမောက်အသင်းကို (၃-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တက်လှမ်းသွားတာဖြစ်ပြီး မန်စီးတီးဟာ ဇယားထိပ်က အာဆင်နယ်အသင်းနဲ့ ၆ မှတ်အကွာကို ရောက်ရှိလာခဲ့ပါတယ်။
ပထမပိုင်း ပွဲစပြီး ၁၇ မိနစ်မှာပဲ ရေယန်ချာကီရဲ့ ခေါင်းတိုက်ဖန်တီးမှုကနေ ဟာလန်းက မန်စီးတီးအတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၂၅ မိနစ်မှာ ဘုန်းမောက်အသင်းက ထောင့်ကန်ဘောကနေတဆင့် တိုင်လာအဒမ်စ်က ချေပဂိုးပြန်သွင်းခဲ့လို့ တဖက်တဂိုးစီ သရေကျနေပါတယ်။
ပွဲချိန် ၃၃ မိနစ်မှာတော့ ဟာလန်းက ချာကီရဲ့ နောက်ထပ်ပေးပို့မှုကနေတဆင့် ဘုန်းမောက်ဂိုးသမားကို ကျော်ဖြတ်ပြီး သူ့ရဲ့ ဒုတိယဂိုးကို သွင်းယူကာ မန်စီးတီးကို ပြန်လည်ဦးဆောင်စေခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲချိန် မိနစ် ၆၀ မှာတော့ မန်စီးတီး ဘယ်နောက်ခံလူ နီကိုအိုရိုင်လီက အသင်းအတွက် တတိယမြောက်အနိုင်ဂိုးကို သွင်းယူပြီး ပွဲကို အပြီးသတ်ခဲ့ပါတယ်။
ပွဲရဲ့ ဒုတိယပိုင်းအစမှာ ဘုန်းမောက်အသင်းက ပိုကောင်းတဲ့ခြေစွမ်းနဲ့ ကစားနိုင်ခဲ့ပြီး မန်စီးတီးအသင်းကို ဖိအားပေးနိုင်ခဲ့တယ်လို့ Sky Sports က ဖော်ပြပါတယ်။ ဘုန်းမောက်တိုက်စစ်မှူး အီလီဂျူနီယာကရူပီက ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ တကြိမ်မှာ ဂိုးဘေးဘက်ကို ကန်သွင်းမိခဲ့ပြီး နောက်တကြိမ်မှာတော့ မန်စီးတီးဂိုးသမား ဒွန်နာရမ်မာက ကာကွယ်သွားနိုင်ခဲ့ပါတယ်။
ဒီပွဲမတိုင်ခင်က ဘုန်းမောက်အသင်းဟာ ၈ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်တင်ထားခဲ့ပေမဲ့ အခုတော့ အဲဒီစံချိန် ရပ်တန့်သွားခဲ့ပြီး အဆင့် ၂ နေရာကနေ အဆင့် ၄ နေရာကို ကျဆင်းသွားခဲ့ပါတယ်။
မန်စီးတီးအသင်းအတွက်တော့ ဒီနိုင်ပွဲဟာ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲ ၅ ပွဲမှာ ၄ ပွဲမြောက်နိုင်ပွဲ ဖြစ်ပါတယ်။


