
ဗီလာနဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့ပေမဲ့ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးဟာ ပွဲချိန် ၁၉ မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် ပေးလိုက်ရတဲ့ ကက်ရှ်ရဲ့ သွင်းဂိုးကို ပြန်လည်ချေပနိုင်ခြင်းမရှိတော့ဘဲ အရေးနိမ့်ခဲ့ရတာပါ။
အဆိုပါ သွင်းဂိုးမှာ မပေးသင့်တဲ့ ထောင့်ကန်ဘောကနေ ဂိုးပေးလိုက်ရတာလို့ ဝေဖန်မှုတွေရှိပေမဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် စောဒက တက်စရာမရှိဘဲ ပရီးမီးယားလိဂ်ဆီ မိမိရောက်ရှိနေတဲ့ ၁၀ နှစ်အတွင်းမှာ ဒိုင်လူကြီးတွေကို လေးစားမှုအများကြီးထားရှိကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
ဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့လို့သာ ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး လာမယ့်ပွဲစဉ်တွေမှာ တိုးတက်မှုရှိလာမှာဖြစ်ကြောင်း၊ ပရီးမီးယားလိဂ်က ခရီးရှည်ကြီးဖြစ်တဲ့အတွက် ရှုံးပွဲကနေ သင်ခန်းစာယူပြီး ရှေ့ဆက်သွားဖို့ လိုအပ်ကြောင်း ဂွါဒီယိုလာက ပြောသွားပါတယ်။


