
အခုတပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ နိုင်ပွဲဆက်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ပြိုင်ဘက်အသင်းတွေကို အမှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။
ပွဲစဉ် ၉ မှာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ အက်ဇေးရဲ့ တလုံးတည်းသော အနိုင်ဂိုးနဲ့အတူ ပြိုင်ပွဲစုံ ၇ ပွဲ ဆက်တိုက် အနိုင်ရလဒ် ရယူနိုင်ခဲ့တာပါ။
နောက်ဆုံး ၅ ပွဲဆက်တိုက် ပေးဂိုးမရှိဘဲ အနိုင်ရခဲ့တဲ့ အာဆင်နယ်ဟာ အဓိကပြိုင်ဘက် မန်စီးတီး ကို ၆ မှတ် အသာရခဲ့သလို လီဗာပူးကိုလည်း ၇ မှတ် အသာနဲ့ အမှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့တာပါ။
နည်းပြအာတေတာကတော့ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တာက တခြားပွဲတွေထက် ပိုတန်ဖိုးရှိကြောင်းနဲ့ ပဲလေ့စ်လိုအသင်းနဲ့ပွဲမှာ ဘယ်အသင်းကမှ ကြီးမားတဲ့ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့ကြောင်း၊ ခံစစ်ကောင်းမွန်မှုနဲ့ ပါးနပ်မှုရှိတာတွေကြောင့်သာ အနိုင်ရခဲ့တာဖြစ်ကြောင်း ပွဲအပြီးမှာ ပြောသွားပါတယ်။


