
အာဆင်နယ်တိုက်စစ်မှူး ဂါဘရီယယ်ဂျေဇုဟာ လာမယ့် ဒီဇင်ဘာလအတွင်းမှာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖို့ ပစ်မှတ်ထားကြိုးပမ်းနေပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟာ အခုနှစ် ဇန်နဝါရီ ၁၂ ရက်က မန်ယူနိုက်တက်နဲ့ ပွဲစဉ်မှာ ဒူးအရွက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ခွဲစိတ်ကုသမူခံယူခဲ့ရတာပါ။
၁၀ လ လောက် အနားယူအပြီးမှာတော့ ဒဏ်ရာအခြေအနေပြန်လည်ကောင်းမွန်လာလို့ တယောက်တည်း လေ့ကျင့်ခန်းတွေ စတင်လုပ်ဆောင်နေပြီး လာမယ့် ဒီဇင်ဘာခရစ္စမတ်ကာလအတွင်းမှာ ပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
မိမိရဲ့ ဒူးအခြေအနေက ကောင်းမွန်လာနေပြီး ကွင်းပြင်ပမှာ အပေါ့စား လေ့ကျင့်ခန်းတွေ လုပ်ဆောင်နေပြီဖြစ်ကြောင်းနဲ့ ကာလရှည်အနားယူခဲ့ရတာဖြစ်လို့ အလျင်စလို ဘောလုံးပြန်ကစားဖို့ လုပ်ဆောင်မှာမဟုတ်ကြောင်း ဂျေဇုက ပြောပါတယ်။
အသက် ၂၈ နှစ်ရှိ ဂျေဇုဟာ မနှစ်က ရာသီဝက်လောက်ပဲကစားခွင့်ရခဲ့ပေမဲ့ စုစုပေါင်း ၂၇ ပွဲကစားခဲ့ရာမှာ ၇ ဂိုးသွင်းပြီး ၂ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
Photo: Reuters




