
ပရီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းဟာ အောက်တိုဘာ ၂၃ ရက် ဒီနေ့ မနက်စောပိုင်းက ကစားခဲ့တဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျာမနီကလပ် ဖရန့်ဖတ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်နိုင်ပြီး ပြိုင်ပွဲစုံ ရှုံးပွဲဆက်နေတာ ရပ်တန့်သွားပါတယ်။
ပွဲချိန်အစောပိုင်းမှာ ဖရန့်ဖတ်က ဖိကစားခဲ့ပြီး ပထမပိုင်း ပွဲချိန် ၂၆ မိနစ်မှာ အိမ်ရှင် ဖရန့်ဖတ်အသင်းအတွက် ဦးဆောင်ဂိုးကို ရာမက်စ်ခရစ်တန်ဆန်က သွင်းယူနိုင်ခဲ့ပါတယ်။
ဂိုးရပြီးနောက်ပိုင်းလည်း ဖရန့်ဖတ်က ဆက်ဖိကစားထားပြီး ပွဲချိန် ၃၅ မိနစ်မှာတော့ လီဗာပူးတို့ တန်ပြန်တိုက်စစ်ကနေ ချေပဂိုးပြန်ရခဲ့ပါတယ်။
ဒီဂိုးကို တိုက်စစ်မှူးအသစ် အက်ကီတီကီက သွင်းယူပေးခဲ့တာပါ။ အဲဒီနောက် ပွဲချိန် ၃၉ မိနစ်မှာ နောက်ခံလူ ဗန်ဒိုက်နဲ့ ပွဲချိန် ၄၄ မိနစ်မှာ နောက်ခံလူ ကွန်နာတေးတို့က ထောင့်ကန်ဘောတွေကနေ ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ပါတယ်။
အဲဒီနောက်ပိုင်း လီဗာပူးကပဲ ဖိကစားခဲ့ပြီး ပွဲကစားချိန် ၆၆ မိနစ်မှာ တိုက်စစ်မှူး ဂက်ပိုနဲ့ မိနစ် ၇၀ မှာ ဇိုဘော့ဇ်လိုင်းတို့က ဂိုးတွေ အသီးသီးသွင်းယူခဲ့ပြီး လီဗာပူးတို့ ပွဲအပြီးမှာ ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် နိုင်သွားတာပါ။
လီဗာပူးအသင်းဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ မန်ယူနဲ့ ပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့သလို ပြိုင်ပွဲစုံ ၄ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားခဲ့တာပါ။


