
ပါကစ္စတန်ရဲ့ ဒုတိယအကြီးဆုံးမြို့ လာဟိုးမှာ နိုဝင်ဘာ ၁ ရက် မနက် ၉ နာရီက လေထုအရည်အသွေးညွှန်းကိန်း (AQI) ဟာ "အန္တရာယ်ရှိတဲ့" အဆင့်အနေနဲ့ အမှတ် ၃၉၈ ထိ ရောက်ခဲ့လို့ လာဟိုးမြို့ဟာ ကမ္ဘာပေါ်မှာ လေထု အညစ်ညမ်းဆုံးမြို့ ဖြစ်လာခဲ့ပါတယ်။
ဒေသခံတွေက ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေကို ဖော်ပြခဲ့ကြပြီး ပြင်းထန်တဲ့ လေထုညစ်ညမ်းမှု ပြဿနာကြောင့် ဆေးရုံတက်ရသူ လူဦးရေ မြင့်တက်လာခဲ့ပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ မျက်စိပိုးဝင်တာတွေ လည်ချောင်းရောဂါတွေကို ခံစားနေရတဲ့ လူနာတွေ အထူးသဖြင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ သိသိသာသာ ရောက်လာတယ်လို့ ဆေးဘက်ဆိုင်ရာ အရာရှိတွေက သတင်းပို့ခဲ့ကြပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ရောက်လာတဲ့ လူနာအရေအတွက် ၃ ဆတိုးလာတယ်လို့ ဆာဂန်ဂါရမ်ဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာ အာရစ်ဖ်အစ်ဖီခါက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း နောက်ဆက်တွဲပြဿနာတွေကို ကြုံတွေ့ရနိုင်ခြေရှိတယ်လို့ သူက ပြောပါတယ်။
ပန်ဂျပ်အစိုးရက ညစ်ညမ်းမှုကို ထိန်းချုပ်ဖို့ မီးခိုးမြူတိုက်ဖျက်ရေး ရေဖြန်း သေနတ်တွေ ပေးထားတာအပါအဝင် အမျိုးမျိုး လုပ်ဆောင်ခဲ့ပေမဲ့ ယာယီသက်သာရာကိုသာ ပေးစွမ်းနိုင်ခဲ့ပါတယ်။
လာဟိုးမြို့ဟာ ပါကစ္စတန်နိုင်ငံရဲ့ မြေပြန့်ဒေသပေါ်က ပန်ဂျပ်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ဆောင်းရာသီတိုင်းမှာ ဆောက်လုပ်ရေး ဖုန်မှုန့်တွေ၊ ယာဉ်တွေကနေ ထုတ်လွှတ်တဲ့ မီးခိုးတွေနဲ့ စိုက်ပျိုးရေးအတွက် ရိုးပြတ်တွေကို မီးရှို့ရာက ထွက်လာတဲ့ မီးခိုးတွေကြောင့် မီးခိုးမြူထူတွေ ကျရောက်လေ့ရှိပါတယ်။
Source: Reuters




