
ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေဟာ ဆွစ်ဇာလန်လေထုအရည်အသွေး စောင့်ကြည့်ရေးအဖွဲ့ IQAir ရဲ့ အဆိုအရ မနက် ၇ နာရီတိုင်းတာချက်မှာ ညွှန်းကိန်း ၄၁၂ အထိ ရောက်ရှိနေလို့ အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်နေပါတယ်။
ဒါကြောင့် လာဟိုးမြို့ဟာ ကမ္ဘာ့လေထုအညစ်အညမ်းဆုံးမြို့စာရင်း ထိပ်ဆုံးကို ရောက်လာတာ ဖြစ်ပါတယ်။
လာဟိုးမြို့မှာ အဆိပ်သင့်မိုးခိုးတွေ ဖုံးလွှမ်းထားတာကြောင့် လေထုညစ်ညမ်းမှုအပေါ် စိုးရိမ်မှုတွေ တိုးနေပြီး အစိုးရအနေနဲ့ ပိုပြင်းထန်တဲ့ အရေးယူမှုတွေပြုလုပ်ရမယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
လာဟိုးမြို့မှာ ဆောင်းရာသီရောက်တိုင်း ရာသီဥတု အေးလာတာနဲ့အတူ လေထုသိပ်သည်းဆ များလာပြီး ယာဉ်တွေက ထွက်တဲ့ မီးခိုးတွေ၊ စက်ရုံတွေက ထွက်တဲ့ မီးခိုးတွေနဲ့ ဖုန်တွေကြောင့် အခုလို အန္တရာယ်ရှိတဲ့အဆင့်ဖြစ်လာတာပါ။
ဆောင်းရာသီ ရောက်တိုင်း အန္တရာယ်ရှိတဲ့ လေထုညစ်ညမ်းမှု နှစ်တိုင်းဖြစ်ပေါ်နေတာက တောင်အာရှနိုင်ငံတွေမှာ ကြုံတွေ့ရလေ့ရှိတာ ဖြစ်ပါတယ်။
ဒီတပတ်အတွင်းမှာ အိန္ဒိယနိုင်ငံမှာ ဒီပါဝလီပွဲတော်အထိမ်းအမှတ် မီးပန်းတွေ ပစ်ဖောက်မှုနဲ့ လယ်ယာလုပ်ငန်းမှာ မီးရှို့မှုတွေကြောင့် လေထုညစ်ညမ်းမှုတွေ ပိုပြီး ဆိုးလာတာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Source:Reuters




