
ပြည်ပရောက် မြန်မာအလုပ်သမားတွေကို မိသားစုဆီ အဓမ္မငွေလွှဲပို့ဖို့ စစ်ကောင်စီက လုပ်နေဆောင်သလို ကြံ့ခိုင်ရေးပါတီအနေနဲ့လည်း အာဏာရရင်ဆက်လုပ်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။
ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးပါတီက မဲဆွယ်ပြောကြားရာမှာ ပြည်ပရောက် အလုပ်သမားတွေ ဆန္ဒမရှိမလုပ်ဆောင်လိုတဲ့ မိသားစုဆီ အတင်းအကျပ် ငွေလွှဲပို့ခိုင်းတဲ့ကိစ္စ ပါလာတာဖြစ်ပါတယ်။
ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုဆီ လွှဲပြောင်းငွေတွေကို တရားဝင်နည်းလမ်းနဲ့ ပိုပြီး အဆင်ပြေချောမွေ့အောင် စီမံဆောင်ရွက်ပေးသွားမယ်လို့ ဦးခင်ရီက မဲဆွယ်ရာမှာ ပြောတာပါ။
ကြံ့ခိုင်ရေးပါတီအနေနဲ့ စစ်ကောင်စီကျင့်သုံးနေတဲ့ နည်းလမ်းအတိုင်း ပြည်ပရောက် အလုပ်သမားတွေဆီကရမယ့် နိုင်ငံခြားငွေကို မျှော်ကိုးတာဖြစ်သလို အဲဒီလိုရနိုင်ဖို့အတွက် ပြည်ပရောက်နေသူတွေမှာ ထပ်ပြီးဖိအားပေးခံရနိုင်တယ်လို့ စင်ကာပူရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
“စစ်တပ်ရဲ့ ကျောထောက်နောက်ခံပါတီ ပီပီ စစ်ကောင်စီရဲ့ မူအကျင့်တိုင်းပဲ သွားမှာသေချာတယ်။ ပြည်ပရောက်နေသူတွေက ငွေလွှဲဖို့ လိုလိုလားလားရှိတယ်၊ မရှိဘူးဆိုတာ သူတို့စိတ်မဝင်စားဘူးဆိုတာ မြင်သာတယ်။”
လက်ရှိမှာ နိုင်ငံခြားငွေ လိုအပ်ချက်ရှိနေတဲ့ စစ်ကောင်စီက ပြည်ပရောက် အလုပ်သမားတွေကို မိသားစုဆီ လစာရဲ့ ၂၀ ရာခိုင်နှုန်းတရား ဝင်လွှဲပို့ဖို့ အကျပ်ကိုင်ညွှန်ကြားထားတာဖြစ်ပါတယ်။
ငွေလွှဲဖို့ ပျက်ကွက်ရင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးတာ၊ နောက်တကြိမ် ပြည်ပထွက်အလုပ်လုပ်ခွင့်မပေးတာ၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) လျှောက်ထားခွင့် မပေးတာမျိုး နဲ့ အရေးယူမယ်ဆိုပြီးလည်း စစ်ကောင်စီက ခြိမ်းခြောက်ထားပါတယ်။
အဲဒီလို အတင်းအကျပ် ငွေလွှဲပို့ခိုင်းတာကို ပြည်ပရောက်အလုပ်သမားတွေက မလိုလားသလို ဖိအားအမျိုးမျိုးပေးနေတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။


