
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာနဲ့ လှာကာကျေးရွာအုပ်စုအတွင်းက မဲဆန္ဒနယ်မြေမှာ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကို မဲထည့်ဖို့ အလုပ်သမားတွေ၊ ကျူးကျော်နေထိုင်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေကို အုပ်ချုပ်ရေးမှူးတွေက ဖိအားပေး ခြိမ်းခြောက်နေပါတယ်။
ကြံ့ခိုင်ရေးပါတီ အားကောင်းတဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာနဲ့ လှာကာကျေးရွာအုပ်စု၊ မဲဆန္ဒနယ်မြေအတွင်း စစ်တပ်ပိုင် MEC ဘိလပ်မြေစက်ရုံ တန် ၉၀၀ နဲ့ တန် ၄,၀၀၀ အပါအဝင် စစ်ကောင်စီ တပ်ရင်း ၃ က သက်ဆိုင်ရာမဲရုံတွေမှာ မဲပေးရမှာ ဖြစ်ပါတယ်။
ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရရှိဖို့ စစ်တပ်ပိုင် MEC ဘိလပ်မြေစက်ရုံ တန် ၉၀၀ နဲ့ တန် ၄,၀၀၀ မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ၊ ကျူးကျော်နေထိုင်သူတွေ၊ စစ်ရှောင်ပြည်သူတွေကို ကြံ့ခိုင်ရေးပါတီကို မဲထည့်ဖို့ အုပ်ချုပ်ရေးမှူးတွေရဲ့ ဖိအားပေး ခြိမ်းခြောက်ခံနေရပါတယ်။
ကျူးကျော်နေထိုင်သူတယောက်က “မြိုင်ကလေးမှာ ပြည်သူတွေကို အုပ်ချုပ်ရေးမှူးနဲ့ နောက်လိုက်အဖွဲ့က သူတို့ရဲ့ ကြံ့ခိုင်ရေးကိုပဲ မဲပေးရမယ်။ ပြည်သူတွေကို လိုက်ပြီး ဖိအားပေးတယ်။ ပြည်သူကလည်း သူတို့ခြိမ်းခြောက်တယ်ဆိုတော့ မဲမပေးရင် မရဘူးဆိုတော့ စိုးရိမ်ရတာပေါ့။ ဒီပြင်လူတွေကို မဲပေးလို့မရဘူး။ ကြံ့ခိုင်ရေးကို မဲမပေးရင် နေထိုင်တဲ့ ကျူးကျော်တွေကို နေခွင့်မပေးဘူး။ ဘာ ညာနဲ့ အဲလိုမျိုး ခြိမ်းခြောက်တယ်။ သူတို့ကြံ့ခိုင်ရေးပဲ မဲပေးရမယ်ပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီက လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပသွားမှာဖြစ်ပြီး ကရင်ပြည်နယ်မှာတော့ ဘားအံ၊ မြဝတီနဲ့ သံတောင်ကြီး မြို့နယ် ၃ ခုမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၈ ရက်ကစပြီး ဒီဇင်ဘာ ၂၆ ရက်အထိ ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးကာလ သတ်မှတ်ထားပါတယ်။
ကရင်နိုင်ငံရေးလေ့လာသူတယောက်က “ဒီ ကြံ့ခိုင်ရေးရဖို့အတွက် ဒီအုပ်ချုပ်ရေးမှာလုပ်နေတဲ့ သူတို့တွေ ရာအိမ်မှူး၊ ဘာမှူး ညာမှူး အကုန်လုံးက ကြံ့ခိုင်ရေးကို ဖိအားပေးမှာ။ ဒါတော့ မပြောလည်း သိကို သိရတယ်။ ကြံ့ခိုင်ရေးဆိုတာက ပြည်သူအပေါ် တသက်လုံးက ကောင်းခဲ့တာ မဟုတ်ဘူး။ သူတို့ကတော့ ပြည်သူကို ခြိမ်းခြောက်မှာပဲ။ ဒါက သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ပဲ။ ပြည်သူကို ခြိမ်းခြောက်မယ်၊ ပြည်သူကို မြှူဆွယ်မယ်၊ ပြည်သူကို တံစိုးလက်ဆောင် နည်းနည်းပြခေါ်မယ်။ ဒါတွေက သူတို့ရဲ့ မစစ်မှန်တဲ့ နဂိုတည်းက ပြည်သူအပေါ် မရိုးသားတဲ့ စိတ်ဓာတ်တွေ” လို့ ပြောပါတယ်။
လာမယ့် ရွေးကောက်ပွဲ အပိုင်း ၂ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့ မြို့နယ် ၁၀၀ မှာ ပြုလုပ်သွားမှာဖြစ်ပြီး ကရင်ပြည်နယ်မှာတော့ ဖာပွန်မြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ် ၂ ခုမှာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
မဲထည့်ဖို့ ဖိအားပေး ခြိမ်းခြောက်တာတွေကို ပါတီတွေက ဦးဆောင်ပြီး တိုင်ကြားတာတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကရင်ပြည်နယ်အတွင်း ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတယောက်က ပြောပါတယ်။
“တချို့ကိုယ်စားလှယ်လောင်းတွေ Community ထဲမှာ ပြောနေတာတော့ ကြားနေတယ်။ တိုင်ချင်တိုင် သူတို့(ကြံ့ခိုင်ရေး)တွေသာ သူများကိုတိုင်မယ်။ သူတို့(ကြံ့ခိုင်ရေး)လုပ်နေတာ သိပေမဲ့ တခြားပါတီတွေက တိုင်မယ်လို့ မထင်ဘူး။ တိုင်ဖို့တော့ လိုအပ်တယ်။ ကျမ လေ့လာကြည့်ရသလောက်ကလည်း သူတို့ကလည်း အမှီမရှိဘဲ ဒီယန္တရားကြီးကို ကိုင်တွယ်ပါ့မလား။ ပါတီတခုက နင်တို့တိုင်မလား၊ ငါတို့ကူညီမယ် စသဖြင့် မပြောဘဲနဲ့တော့ Community က တိုင်ရဲပါ့မလား။ အဲဒီလို တိုင်နိုင်တဲ့ အစွမ်းသတ္တိ ရှိတဲ့လူတွေကတော့ ရှားမယ်လို့တော့ ထင်တယ်။”
စစ်တပ်ကပြုလုပ်တဲ့ ရွေးကောက်ပွဲကို ကရင်ပြည်နယ်အတွင်းက မဲဆန္ဒနယ် ၇ ခုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်လောင်း ၃၁ ယောက်၊ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်လောင်း ၂၉ ယောက်၊ ပြည်နယ်လွှတ်တော်မှာ တသီးပုဂ္ဂလ အပါအဝင် ကိုယ်စားလှယ်လောင်း ၃၆ ယောက် ဝင်ရောက်အရွေးခံမယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်ပြီး ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
အောင်ခန့်


