မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ဆက်လက်ကြေညာ
DVB
·
October 31, 2025

DVB
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သူ အရေးပေါ်အခြေအနေကြေညာထားခဲ့တဲ့ မြို့နယ်တွေကို နောက်ထပ် ရက် ၉၀ ကြာ အရေးပေါ်အခြေအနေကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့်ဆက်ထုတ်ပြန်သလို ယာယီသမ္မတ မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကို ဒီနေ့ လုပ်ပိုင်ခွင့်ပေးလိုက်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက တိုင်းနဲ့ပြည်နယ် ၉ ခုမှာရှိတဲ့ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို ရက် ၉၀ ကြာ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အဲဒါကို ဒီနေ့ကနေ နောက်ထပ် ရက်ပေါင်း ၉၀ ကြာအတည်ဖြစ်တယ်လို့ ယာယီသမ္မတအဖြစ်ခံယူထားတဲ့ မင်းအောင်လှိုင်က ထုတ်ပြန်တာပါ။
ပြီးတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး အမိန့်အမှတ် ၁ နဲ့ ၂ တို့ကိုကိုလည်း ဆက်လက်အတည်ဖြစ်တယ်လို့ ဒီနေ့မှာ ထပ်ထုတ်ပြန်တာပါ။
အဲဒီနောက် စစ်ခေါင်းဆောင်ဦးဆောင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလည်း အရေးပေါ်အခြေအနေ ဆက်လက်တည်ရှိကြောင်းကြေညာထားတဲ့ တိုင်း၊ ပြည်နယ်တွေက မြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ပြီး လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီကို ဆက်လက်အပ်နှင်းလိုက်တယ်လို့ ယာယီသမ္မတအမည်ခံ မင်းအောင်လှိုင်က ဆက်လက်ထုတ်ပြန်ပါတယ်။
စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁ က အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးတွေကို ပေးလိုက်ပြီး တိုင်းမှူးတွေအနေနဲ့ ကိုယ်တိုင်ဖြစ်ဖြစ်၊ စစ်နယ်မြေမှူးတွေကို တာဝန်လွှဲပြီးဖြစ်ဖြစ် ကျင့်သုံးနိုင်တယ်လို့ ဆိုထားတာပါ။
အမိန့်အမှတ် ၂ ကတော့ စစ်အုပ်ချုပ်ရေးနယ်မြေအတွင်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလုပ်ဖို့၊ အမှု ၂၃ မျိုးကို စစ်ခုံရုံးနဲ့ စစ်ဆေးပြီး သက်ဆိုင်ရာအမှုအလိုက် အမြင့်ဆုံးပြစ်ဒဏ်ကနေ သေဒဏ်အထိချမှတ်ဖို့ လမ်းညွှန်ထားတာဖြစ်ပါတယ်။


