Home
မြန်မာသတင်း
ကပ်ဘေးနှင့် အရေးပေါ် အခြေအနေ၌ စိတ်ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမီရန် လိုအပ်
DVB
·
October 12, 2025

အခု ၂၀၂၅ ခုနှစ်ရဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အတွက် ဆောင်ပုဒ်ကတော့ “ကပ်ဘေးနဲ့ အရေးပေါ် အခြေအနေတွေမှာ အားလုံး လက်လှမ်းမီတဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများ ရရှိနိုင်ရေး” ပဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ ကိုဗစ်ကပ်ဘေးကာလကစလို့ ၂၀၂၁ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခအခြေအနေတွေကြောင့်ရယ်၊ ကပ်ဘေးအမျိုးမျိုးတွေကြောင့် ပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးရတာ၊ မိသားစုဝင်တွေ ဆုံးရှုံးရတာ၊ ထိခိုက်ဒဏ်ရာ ရရှိတာ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီး ဖြစ်လာရပါတယ်။ 

ဒီလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် စိတ်ဖိစီးတာ၊ စိုးရိမ်စိတ်များတာ၊ စိတ်ဓာတ်ကျတာ၊ ဖြစ်ရပ်ဆိုးတွေ ကြုံတွေ့ရခြင်းရဲ့ နောက်ဆက်တွဲ ပြင်းထန်စိတ်ဖိစီးမှုဝေဒနာ (PTSD) နဲ့ မိမိကိုယ်ကိုယ် အဆုံးစီရင်တာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ခံစားနေကြရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စစ်တမ်းတွေအရ စစ်ပွဲများ၊ ဆိုးရွားတဲ့ ပဋိပက္ခတွေကို ကြုံတွေ့ခဲ့ရတဲ့ သူတွေအနက် လူ ၅ ယောက်မှာ တယောက်နှုန်းက စိတ်ကျန်းမာရေးပြဿနာ တမျိုးမျိုးကို ခံစားနေရတယ်လို့ အောက်တိုဘာလ ၁၀ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ 

တော်လှန်ရေးနယ်မြေတွေမှာ ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးခဲ့တဲ့ ဒေါက်တာ ဂါဖီးကတော့ ပဋိပက္ခတွေ၊ စစ်ပွဲတွေအတွင်းက အရေးပေါ်အခြေအနေမှာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိခဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ ခံစားခဲ့ကြရတယ်လို့ ပြောပါတယ်။ 

ဒေါက်တာ ဂါဖီးက “တချို့တွေက မိုင်းထိလို့ ခြေထောက် ဖြတ်လိုက်ရတာတွေ၊ တဖက်တည်းတွေရော နှစ်ဖက်စလုံးရော၊ နောက် မျက်လုံးစုံလုံး ကန်းသွားတာတွေ၊ လက်နှစ်ဖက်လုံး ဒါမှမဟုတ် တဖက် မရှိတော့တဲ့ သူတွေပေါ့နော်၊ ဆိုတော့ ပြောရရင်တော့ တချို့ တွေက ဒီရောဂါအပေါ်မှာ ကိုယ့်ဟာကို အသုံးမကျတော့ဘူးလို့ ခံစားလာရတယ်ပေါ့နော်။ သူဒုက္ခိတ ဖြစ်သွားပြီ၊ ဘာမှ မလုပ်နိုင်တော့တဲ့ သူတယောက်လို ဖြစ်လာပြီး အသုံးမကျတော့ဘူးပေါ့နော်။ တချို့ အဲ့ဒါတွေကြောင့် မို့လို့လည်း Suicide case တွေ ဘာတွေ ဆိုတာ ရှိလာတာပေါ့နော်။ ဒါက ဒီခန္ဓာကိုယ် ချို့ယွင်းတဲ့ သူတောင်မဟုတ် ဘဲနဲ့ ခြေစုံလက်စုံ အင်္ဂါစုံနဲ့ လူတွေမှာတောင် အဲဒီလို ကြုံရတာတွေတော့ ရှိတယ်ပေါ့နော်” လို့ ပြောပါတယ်။ 

တောထဲမှာ လူနာတွေကို ဆေးကုသပေးနေရင်း သူကိုယ်တိုင်လည်း စိတ်ဒဏ်ရာရရှိခဲ့တာတွေ ရှိတယ်လို့လည်း CDM ဆရာဝန်  ဒေါက်တာဂါဖီး ပြောပါတယ်။ 

“ဆရာဝန်ဖြစ်တဲ့အတွက် လူနာကုပေးနေရင်းနဲ့ ကယ်လိုက်နိုင်တာတွေရှိသလို မကယ်လိုက်နိုင်တာတွေ ရှိတယ်ပေါ့နော်။ မကယ်လိုက်နိုင်တဲ့ အရာတွေမှာ ဆိုရင်တော့ ဒီဟာကို ငါအသုံးမကျလို့လား ဆိုတဲ့ အတွေးမျိုးတွေ ဝင်လာခဲ့တယ်ပေါ့နော်။ အသုံးမကျလေခြင်း၊ ဆိုတော့ ငါလုပ်နိုင်ရဲ့သားနဲ့ မလုပ်နိုင်လေခြင်း၊ နောက်ခုက တခြားရင်းနှီးတဲ့သူတွေ ပါသွားတဲ့ အချိန်မှာလည်း စိတ်ဒဏ်ရာတွေ ရတာမျိုးတော့ ရှိတယ်ပေါ့နော်၊ နောက်တခုက အချိန်ကြာလာတာနဲ့အမျှ မိသားစုကို အချိန်မပေးနိုင်တဲ့ အချိန်တွေမှာ အဲဒီ့ စိတ်ဒဏ်ရာတွေကလည်း ရလာတယ်ပေါ့နော်။” 

အောက်တိုဘာလ ၁၀ ရက်နေ့ဟာ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ဖြစ်ပြီး ဒီနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အတွက် ဆောင်ပုဒ်ကတော့ “ကပ်ဘေးနဲ့ အရေးပေါ်အခြေအနေတွေမှာ အားလုံးလက်လှမ်းမီတဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများ ရရှိနိုင်ရေး” ပဲ ဖြစ်ပါတယ်။ 

စိတ်ကျန်းမာရေး ပညာရှင်တယောက်လည်းဖြစ် Serenity Counseling & Mental Health Services တည်ထောင်သူလည်းဖြစ်တဲ့ Agnes Mary ကတော့ ကပ်ဘေးတွေမှာဆိုရင် အဆောက်အဦ၊ ပစ္စည်းဆုံးရှုံးမှုတွေကို မြင်နိုင်ပေမဲ့ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့် ကြောက်ရွံ့မှုတွေကိုတော့ ချက်ချင်း မမြင်နိုင်ကြတဲ့အတွက် စိတ်ကျန်းမာရေး ဝန်ဆောင်မှု ချက်ချင်း ပေးနိုင်ဖို့က အရေးကြီးတယ်လို့ ပြောပါတယ်။ 

“စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ မရဘူးဆိုရင် အလွယ်တကူ ပြောရမယ် ဆိုရင်တော့ ဒဏ်ရာတခု ရတဲ့အခါမှာ ချက်ချင်း အဲ့ဒဏ်ရာကို သန့်ရှင်းပြီးတော့ ပတ်တီး စည်းပေးလိုက်တယ်ဆိုရင် ဖုန်တွေ သဲတွေ မဝင်တော့ဘူးပေါ့နော်၊ အနာက သန့်သန့်ရှင်းရှင်းလေးနဲ့ သူပြန်ပြီးတော့ အနာကျက်ဖို့အတွက် အချိန်ယူပြီး အနာကျက်သွားလိမ့်မယ်ပေါ့နော်။ အဲ့လိုမျိုး ချက်ချင်း ကူညီမှု မရလိုက်ဘူး၊ ချက်ချင်း ပံ့ပိုးကူညီမှု မရလိုက်ဘူး ဆိုတဲ့အခါကျရင် ဒီအရာက မလိုအပ်ဘဲနဲ့ စိတ်ဒဏ်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေအဖြစ် ပါသွားနိုင်တယ်ပေါ့နော်။” 

တဦးချင်းအနေနဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုသလို သူတပါးကိုလည်း ကူညီပေးနိုင်မယ့် အချက်တွေကိုလည်း Agnes Mary က  “ကျမတို့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို နေ့စဉ်မှာ ကိုယ့်ရဲ့ တကိုယ်ရည် သန့်ရှင်းရေး လုပ်သလိုပဲ စိတ်ပိုင်းဆိုင်ရာကို ကျန်းမာစေမဲ့ အရာလေးတွေကိုလည်း လုပ်ဖို့ လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကို ကျန်းမာဖို့ အတွက် စိတ်ဖိစီးမှုတွေဖြစ်လို့ ရှိရင် ဖြေလျှော့မယ့် နည်းလမ်းတွေ၊ စိတ်ထဲမှာ အဆင်မပြေမှု ဖြစ်ရင် ဘာလုပ်ရမလဲ ဆိုတဲ့ဟာတွေကို နည်းလမ်းလေး ရှာဖွေတတ်တဲ့ အကျင့်တွေ၊ ပြီးရင် ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ချစ်ခင်ရတဲ့ သူတွေနဲ့လည်း အမြဲတမ်း အချိတ်အဆက် ရှိနေခြင်း ဒါလေးတွေကို ကျမတို့က ပုံမှန်လုပ်ပေးလို့ ရပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကျမတို့မှာလည်း စိတ်ပိုင်းဆိုင်ရာက အထိုက်အလျောက် ကျန်းမာနေမယ်၊ ခံနိုင်ရည် အားကောင်းနေမယ် ကိုယ့် ပတ်ဝန်းကျင်က လူတွေကိုလည်း ကူညီဖို့အတွက် အချိန်မရွေး အဆင့်သင့် ဖြစ်နိုင်ပါတယ်။” 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေးဝန်ကြီးဌာနကလည်း တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်းကနေ စိတ်ကျန်းမာရေးဆိုင်ရာ သင်တန်းတွေပို့ချတာ၊ အွန်လိုင်းကနေ စိတ်ကျန်းမာရေး ဆွေးနွေးကုသပေးတာတွေနဲ့ မြေပြင်နဲ့ ချိတ်ဆက်ကုသမှုပေးတာတွေလည်း လုပ်ဆောင်နေကြောင်းနဲ့ မိမိကိုယ်ကို အဆုံးစီရင်မှုကို တားဆီးဖို့ Suicide Prevention Hotline ကိုလည်း ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးနေတာတွေ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကိုတော့ ကမ္ဘာ့စိတ်ကျန်းမာရေးအဖွဲ့ (World Federation of Mental Health) က ၁၉၉၂ ခုနှစ်မှာ စတင်ဦးဆောင်ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ 

စိတ်ကျန်းမာရေးပြဿနာတွေကို သတိမူမိစေဖို့၊ စိတ်ကျန်းမာရေးပြဿနာ ရှိသူတွေအပေါ် လူမှုရေး ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖျက်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေး ပညာပေးကမ်ပိန်းတွေ ပြုလုပ်ဖို့ ရည်ရွယ် ကျင်းပတာလည်း ဖြစ်ပါတယ်။ 

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013