
မြန်မာပြည်တွင်း ပြည်နယ်နဲ့တိုင်း ၉ ခုမှာရှိတဲ့ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက်မှာ အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။
ရှမ်းပြည်နယ် ၁၅ မြို့နယ်၊ ရခိုင်ပြည်နယ် ၁၄ မြို့နယ်၊ ချင်းပြည်နယ် ၇ မြို့နယ်၊ ကချင်ပြည်နယ် ၅ မြို့နယ်၊ ကရင်နီပြည်နယ် ၃ မြို့နယ်၊ ကရင်ပြည်နယ် ၂ မြို့နယ်၊ စစ်ကိုင်းတိုင်း ၉ မြို့နယ်၊ မကွေးတိုင်း ၅ မြို့နယ်နဲ့ မန္တလေးတိုင်း ၃ မြို့နယ် စုစုပေါင်း ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာပါ။
စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ မြို့နယ်တွေမှာ ရက်ပေါင်း ၉၀ အတွင်း လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းမှုတွေ ချုပ်ငြိမ်းအောင်နဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ နောက် ၆ လ သက်တမ်းမှာ ထိုးစစ်အရှိန်မြင့်လာနိုင်ပြီး ပြည်တွင်းပဋိပက္ခ ပိုမိုကြီးထွားကာ လူပေါင်းများစွာ သေကျေပျက်စီးနိုင်သလို မြို့ရွာတွေလည်း အရင်ကထက် ပျက်စီးဆုံးရှုံး ထိခိုက်မှု ပိုများလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။
“မင်းအောင်လှိုင်က ဝန်ကြီးချုပ်ကို အာဏာစွန့်လိုက်ပေမဲ့ အဲဒီဝန်ကြီးချုပ်ကို ချုပ်ကိုင်မယ့် ဥက္ကဋ္ဌ အဖြစ် ရှိနေတယ်။ အရပ်ဘက်ရော စစ်ဘက်ရော လှည့်ကစားမယ့်ပုံစံမျိုး။ အခုလာမယ့် ၆ လ သက်တမ်းမှာ အရပ်ဘက် စစ်ဘက် နှစ်ဖက်လုံး သေကျေပျက်စီးလိမ့်မယ်။ ဘာလို့လဲဆိုတော့ တိုက်ပွဲတွေဖြစ်တော့မှာမို့။”
စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့ မြို့နယ်တွေကတော့ ရှမ်းပြည်နယ် နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလားနဲ့ ရခိုင်ပြည်နယ်မှာ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ် မြို့နယ်တွေ ဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီနဲ့ ဖလမ်းမြို့နယ်တွေ ပါဝင်ပြီး ကချင်ပြည်နယ်မှာ ဆွမ်ပရာဘွမ်၊ အင်ဂျန်ယန်၊ ရွှေကူ၊ လော့ဆော်၊ ချီဖွေမြို့နယ်တွေ ပါဝင်သလို ကရင်နီပြည်နယ်မှာ ရှားတော၊ ဖားဆောင်း၊ ဖယ်ခုံနဲ့ ကရင်ပြည်နယ်မှာ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်တို့ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာ ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲနဲ့ အင်းတော်မြို့နယ်၊ မကွေးတိုင်းမှာ ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြိုမြို့နယ်နဲ့ မန္တလေးတိုင်းမှာ မိုးကုတ်၊ စဥ့်ကူးနဲ့ ငါန်းဇွန်မြို့နယ်တို့ ဖြစ်ပါတယ်။
အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်တွေမှာ အခြေအနေပေါ်မူတည်ပြီး စစ်တိုင်းမှူးတွေက စစ်အုပ်ချုပ်ရေးအာဏာကို လိုသလိုကျင့်သုံးနိုင်သလို ပြစ်မှု ၂၃ မျိုးကို စစ်ခုံရုံးနဲ့ စစ်ဆေးပြီး သေဒဏ်နဲ့ ထောင်ဒဏ်တသက် စတဲ့အမိန့်မျိုးတွေ ချလို့ရအောင်ထိ စစ်ခေါင်းဆောင်က အာဏာအပြည့်အဝ ပေးထားပါတယ်။