ဒီကနေ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်မှာ ကျင်းပတာမှာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ ထိပ်ပိုင်းစစ်ခေါင်းဆောင်တချို့ တက်ရောက်လာပြီး လွမ်းသူပန်းခွေချ အလေးပြုခဲ့ပါတယ်။
ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ အာဇာနည်နေ့ အခမ်းအနားကို ပထမဆုံးတက်ရောက်လာတာပဲ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်နဲ့အတူ စစ်ကောင်စီအဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ပြီး နိုင်ငံရေးပါတီတွေလည်း တက်ရောက်တာကို တွေ့ရပါတယ်။
လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အာဏာသိမ်းစစ်တပ်ရဲ့ ထောင်နှစ်ရှည်ချတာခံနေရတဲ့အတွက် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ခွင့်မရတာ ၅ နှစ်ရှိပြီ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ အတူ သားနဲ့ချွေးမဖြစ်သူတို့ တက်ရောက်လာတာတွေ့ရပါတယ်။
စစ်ကောင်စီကတော့ အာဇာနည်နေ့မတိုင်ခင်ကတည်းက ဝန်ကြီးများရုံးနဲ့ အာဇာနည်ကုန်း အနီး လုံခြုံရေးအင်အားတိုးချထားတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေထံက သိရပါတယ်။
စစ်ကောင်စီက မသင်္ကာသူတွေကို ခေါ်ယူစစ်ဆေးတာတွေရှိနေလို့ သတိထားသွားလာဖို့ သတိပေးတာတွေလည်းရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။