
စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ရင်းနှီးမြှပ်နှံမှုတွေ တဖြည်းဖြည်းနဲ့ ကျဆင်းလာပြီး ၂၀၂၅-၂၆ ဘဏ္ဍာနှစ်ရဲ့ ပထမ ၆ လအတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၂၄၈ဒသမ ၆ သန်းသာ ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။
အဲဒီအထဲမှာမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သန်း ၁၂၀ နီးပါးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ဝင်ရောက်ခဲ့တာဖြစ်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍနဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍတို့မှာ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ကာလတူမှာတော့ ကန်ဒေါ်လာ ၂၂၃ သန်းသာ ဝင်ရောက်ခဲ့တာကြောင့် ဒီနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းငယ် တက်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် မေလကနေ စက်တင်ဘာလကုန်အထိ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ ပမာဏတွေကတော့ မွေးမြူရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၂၃၉ သန်း၊ စွမ်းအင်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၉၀၈ သန်း၊ ရေနံနဲ့ သဘောဝဓာတ်ငွေ့ ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၁ သန်း၊ ဝန်ဆောင်မှုကဏ္ဍမှာ ၈၁ ဒသမ ၄၄ သန်းစီ အသီးသီး ဝင်ရောက်ခဲ့ပါတယ်။
နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုတွေကတော့ စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၁၁၇ ဒသမ ၆၆၆ သန်းနဲ့ အများဆုံး၊ တရုတ်နိုင်ငံက ၅၁ ဒသမ ၉၂၇ သန်းနဲ့ ဒုတိယအများဆုံး အသီးသီး ရင်းနှီးမြှုပ်နှံထားကြပါတယ်။




