Home
မြန်မာသတင်း
၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ သန်း ၁၃၀ နီးပါးသာရှိ
DVB
·
September 17, 2025

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ပမာဏဟာ တနှစ်ပြီးတနှစ်ကျဆင်းနေခဲ့ပြီး လက်ရှိ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်ရဲ့ ပထမ ၅ လမှာတော့ အမေရိကန်ဒေါ်လာ ၁၂၉ ဒသမ၄ သန်းသာ ဝင်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကာလတူမှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ဝင်ရောက်ခဲ့တာကြောင့် ဒီနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ပမာဏဟာ ဒေါ်လာ သန်း ၇၀ လောက် လျော့ကျနေပါတယ်။

ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ ပမာဏတွေကတော့ မွေးမြူရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၃၉၆ သန်း၊ စွမ်းအင်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၉၀၈ သန်း၊ ရေနံနဲ့ သဘောဝဓာတ်ငွေ့ ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၁ သန်း၊ ဝန်ဆောင်မှုကဏ္ဍမှာ ၂ ဒသမ ၅ သန်းစီ အသီးသီး ဝင်ရောက်ခဲ့ပါတယ်။

နိုင်ငံနဲ့‌ ဒေသပေါင်း ၇ ခုကနေ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားတာဖြစ်ပြီး စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၂၂၆ သန်းနဲ့ အများဆုံး၊ တရုတ်နိုင်ငံက ၃၃ သန်ဒသမ ၀၅၃ သန်းနဲ့ ဒုတိယအများဆုံး အသီးသီး ရင်းနှီးမြှုပ်နှံထားကြပါတယ်။

တရုတ် (တိုင်ပေ)က သုည ဒသမ ၃၉၅ သန်း၊ ဟောင်ကောင်က ၂၇ ဒသမ ၁၂ သန်း၊ ဂျပန်နဲ့ တောင်ကိုရီးယားက သုည ဒသမ ၅ သန်းစီ၊ ထိုင်းနိုင်ငံက ၃၁ ဒသမ ၅၈၉ သန်းနဲ့ အသီးသီး ရင်းနှီးမြှုပ်နှံထားကြပါတယ်။

ရင်းနှီးမြှုပ်နှံမှု ပမာဏအနေနဲ့ ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက အများဆုံးမဟုတ်ပေမဲ့ စစ်ကောင်စီဟာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာဖို့ ကြိုးပမ်းနေပါတယ်။

ဒီလအစောပိုင်းက စစ်ခေါင်းဆောင် တရုတ်နိုင်ငံကို သွားရောက်ရာမှာ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ၂ ကြိမ် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံသူတွေ၊ ကုန်သွယ်မှု ဆောင်ရွက်သူတွေအတွက် နစ်နာမှုမရှိစေအောင် ဆောင်ရွက်သွားမယ်လို့ ၎င်းက ကတိပေးခဲ့သလို့ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးအတွက် မြန်မာ-တရုတ် စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းထားဖို့ လိုတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အဲဒီပြောဆိုချက်အတိုင်း အခုရက်ပိုင်းအတွင်းမှာ မြန်မာ-တရုတ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအသင်းဖွဲ့စည်းဖို့ အသင်းဝင်တွေ ဖိတ်ခေါ်နေတာကို တွေ့ရပါတယ်။

တနှစ်ထက်တနှစ် ကျဆင်းလာတဲ့ FDI ဝင်ရောက်မှုပမာဏဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဝန်းကျင်အပေါ် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု ကျဆင်းနေတာကို ထင်ဟပ်ပြသနေတာလို စီးပွားရေး စောင့်ကြည့်သူတွေက ထောက်ပြကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013