Home
ဆောင်းပါး
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI မှသည် ပြည်တွင်းဖြစ် ဖွံ့ဖြိုးမှုသို့
DVB
·
October 10, 2025

ထိုင်းနိုင်ငံ ခုန်ကန်တက္ကသိုလ်က ပါမောက္ခချုပ်ဟောင်း ပီရာဆစ် (Peerasit Kamnuansilpa) ရဲ့ ဆောင်းပါးတွေကို ကျနော်သဘောကျတယ်။ တွေးစရာလေးတွေ တခုခု ပေးတယ်။ သူ့ဆောင်းပါးတွေကိုလည်း အရင် ကျနော် ဘာသာပြန်ခဲ့ဖူးတယ်။ အခုလည်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားတဲ့ သူ့ဆောင်းပါးပါ။

သူက ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ကို စီးပွားရေးမောင်းနှင်အား အင်ဂျင်တခုလို သဘောမထားဖို့ ဆွေးနွေးတယ်။ တချို့သော ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ကိုယ်ထူကိုယ်ထ ရန်ပုံငွေနဲ့ လုပ်လို့ရနိုင်ပါတယ်တဲ့။ ဒါဆိုရင် အဲဒီရန်ပုံငွေက ဘယ်ကရမှာလဲ။ ထိုင်းမှာ စေတနာအလျောက် လှူဒါန်းကြတာတွေ ရှိတယ်။ ဘီလီယံနာ သူဌေးကြီးတွေက လှူကြတယ်၊ လူလတ်တန်းစား မိသားစုတွေကလည်း ဆန္ဒအလျောက် ကူညီလှူဒါန်းနေကြတာပဲ၊ အဲဒီလှူဒါန်းမှုတွေကို စနစ်တကျနဲ့ စီစဉ်ပြီး ရန်ပုံငွေတရပ် ထူထောင်ဖို့ သူကအကြံပေးတယ်။ ဖြစ်နိုင်တယ်- မဖြစ်နိုင်တယ် မသိနိုင်ဘူး။

ဆယ်စုနှစ်ပေါင်းများစွာ ထိုင်းနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ကို စီးပွားရေးမောင်းနှင်အား အင်ဂျင်တခုလို အသုံးပြုခဲ့တယ်တဲ့။ တချိန်တုန်းက ဒီဗျူဟာကြောင့် အလုပ်အကိုင်တွေ ဖန်တီးပေးခဲ့ပါတယ်။ ပြည်ပပို့ကုန်တွေ ထုတ်ပေးခဲ့ပါတယ်။ အခုတော့ ရင်းနှီးမြှုပ်နှံမှုကနေ ပြန်ရတဲ့နှုန်းက ကျဆင်းလာနေပါပြီ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှုက မတည်ငြိမ်ပါဘူး၊ လှုပ်ခတ်နေပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှုကြောင့် ပြိုင်ဆိုင်နိုင်စွမ်း (competitiveness) မြင့်တက်လာတယ် ဆိုတာလည်း သိပ်မဟုတ်တော့ဘူး၊ ကျဆင်းလာနေပါတယ်။ ပြင်ပကလာတဲ့ ငွေအပေါ် မှီခိုနေမှုကြောင့် ထိုင်းက ကမ္ဘာလုံးဆိုင်ရာ သွေးလန့်မှု ရှော့ခ်ကို တွေ့ကြုံရဖို့ ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံဟာ ဒီလမ်းကြောင်းကို ပြောင်းသင့်ပါပြီတဲ့။

ထိုင်းနိုင်ငံမှာ ဓနဥစ္စာ ကြွယ်ဝမှုက မိသားစု အနည်းငယ်လက်ထဲမှာ စုပုံနေပါတယ်။ လူသန်းပေါင်းများစွာဆီကို ခွဲဝေစီးဆင်းမှု ရှိမနေပါဘူး။ ဒီလိုစုပုံနေမှုနဲ့အတူ ကျန်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုလည်း မျှဝေထမ်းပေးလိုတဲ့ စိတ်ရှိတယ်ဆိုရင်ဖြင့် ဒီမျိုးဆက်တခုထဲမှာတင် တကြိမ်တခါတော့ ဝင်ငွေအလယ်အလတ် ထောင်ချောက် (middle-income trap) က လွတ်မြောက်ဖို့တော့ ဖြစ်နိုင်ပါတယ်။

တကယ် လက်တွေ့ဆောင်ရွက်နိုင်တဲ့နည်းကတော့ အလွန်အကျူး ချမ်းသာနေတဲ့သူတွေ၊ ကြွယ်ဝနေတဲ့သူတွေ၊ သာမန်ပြည်သူတွေဆီကနေ အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအတွက် လှုံ့ဆော်စည်းရုံးဖို့ပါပဲ။ အကယ်၍ ထိုင်းနိုင်ငံက ထိပ်သီး ဘီလီယံနာ အယောက် ၁၀၀ က သူတို့ကြွယ်ဝမှုရဲ့ ၁ ရာခိုင်နှုန်း ကတိပြုထည့်ဝင်ခဲ့ရင်၊ ထိုင်းလူထု ၁၀ သန်းက တလကို ဘတ် ၅၀၀ မိမိဆန္ဒအလျောက် စေတနာ့ဝန်ထမ်း ထည့်ဝင်ခဲ့ရင် ထိုင်းနိုင်ငံက တနှစ်ကို ခန့်မှန်း ၈၅ ဘီလီယံဘတ် (အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ) လောက် ရန်ပုံငွေ ရရှိနိုင်ပါတယ်တဲ့။

ရလာတဲ့ ရန်ပုံငွေတွေကို ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ သုံးဖို့ပါ။ ဒီလိုဆိုရင် အစိုးရရဲ့ ဘတ်ဂျက် စက်ဝန်းကို အလှည့်ကျ စောင့်မနေရတော့ဘဲ၊ နိုင်ငံရေးအရ အပေးအယူ လုပ်တာတွေ စောင့်မနေရဘဲ တချို့သော အစီအစဉ်တွေကို ကိုယ့်ဘာသာ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဒီရန်ပုံငွေက အစိုးရရန်ပုံငွေကို အစားထိုးနိုင်မှာတော့ မဟုတ်ပါဘူး။ ဖြည့်စွက်ပံ့ပိုးပေးနိုင်ပါတယ်။ ဒီရန်ပုံငွေကြောင့် အလားအလာတွေ ပိုတိုးတက်စေပြီး ထုတ်လုပ်နိုင်စွမ်းကို မြင့်စေပါမယ်။ အခွင့်အလမ်းတွေကို များစေဖို့ စီမံကိန်းတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။

ဥပမာအားဖြင့်- အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်ရဲ့ HOPE ပညာသင်ဆု အစီအစဉ်က အထူးအောင်မြင်ပါတယ်။ ထီကရတဲ့ ရောင်းရငွေ အမြတ်အစွန်းတွေကို အထွေထွေဘတ်ဂျက်ထဲ ထည့်သုံးလိုက်တာမျိုး မဟုတ်ဘဲ ပညာရေးအတွက် သီးသန့် ခြံကာထားလိုက်တာကြောင့်ပါ။ တခြားပြည်နယ်တွေမှာ လုပ်လေ့ရှိတဲ့ အမှားကတော့ အထွေထွေ ဆိုပြီး ဘတ်ဂျက်ထဲ ရောထည့်မိတာကြောင့်ပါ။

တချို့နိုင်ငံတွေမှာဆိုရင် ပိုကောင်းတဲ့ သင်ခန်းစာတွေ ရှိပါတယ်။ စင်္ကာပူနိုင်ငံဆိုရင် ပြည်တွင်းစုဆောင်းငွေ မဖြစ်မနေ ထားရှိခိုင်းပြီး အဲဒီစုဆောင်းငွေတွေကနေ ကမ္ဘာ့အဆင့်မီ လူနေအိမ်ရာ ဆောက်လုပ်ရေး၊ ကျန်းမာရေး၊ ပင်စင်အငြိမ်းစား အစီအစဉ်တွေအထိ ပြောင်းလဲနိုင်ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံဆိုရင်လည်း ၁၉၆၀ ခုနှစ်များ- ၁၉၇၀ ခုနှစ်များမှာ ကျောင်းတွေ ဆောက်လုပ်ဖို့၊ ကျွမ်းကျင်မှု အရည်အသွေး၊ အခြေခံအဆောက်အဦတွေအတွက် ချွေတာလုပ်ဆောင်ဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။ အဲဒီအုတ်မြစ်က အခြေခံလို့ ပြည်ပပို့ကုန်ကို မြှင့်တင်နိုင်ခဲ့ကြပါတယ်။ ဒစ်ဂျစ်တယ် အုပ်ချုပ်မှုစနစ်ကို စတင်စွန့်ဦးတီထွင် ဆောင်ရွက်ခဲ့တဲ့ အက်စတိုနီးယားနိုင်ငံ ဆိုရင်လည်း ပွင့်လင်းမြင်သာမှုကို ရွပ်ရွပ်ချွံချွံ မြှင့်တင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီကနေ လူတွေရဲ့ သံသယရှိနေတဲ့ အချက်တွေကနေ ယုံကြည်မှု ဖြစ်စေပါတယ်။ ပြည်သူအများ ကောင်းကျိုးချမ်းသာ (public good) အတွက် လူထုတွေ ထည့်ဝင်မျှဝေဖို့ ဖြစ်လာစေပါတယ်။

ဒီရန်ပုံငွေ လုပ်တဲ့အခါ သေချာရှင်းလင်းတဲ့ မူဝါဒတွေ ရှိရပါမယ်။ ထည့်ဝင်ကူညီသူတွေက ဩဇာလွှမ်းမိုးဖို့၊ ထိန်းချုပ်ဖို့ လုပ်လို့မရပါဘူး။ အလှူပေးတာကြောင့် မူဝါဒတွေကို ကိုယ်လိုရာ လှည့်ပြောင်းခွင့် မပေးနိုင်ပါဘူး။ ငွေတွေကို သီးခြား လွတ်လပ်စွာ စီမံခန့်ခွဲရပါမယ်။ ပွင့်လင်းမြင်သာမှုနဲ့ ကျွမ်းကျင်မှု ပရော်ဖက်ရှင်နယ် နည်းကျကျ ဆောင်ရွက်ရပါမယ်။ ပြည်သူလူထုတွေ စောင့်ကြည့်ခွင့်ရှိတဲ့ ကျစ်လျစ်တဲ့ ဘုတ်အဖွဲ့တခုက စီမံခန့်ခွဲရပါမယ်။ ဝင်လာတဲ့ ငွေတဘတ်တိုင်းအတွက် ပွင့်လင်းမြင်သာတဲ့ ဒေတာတွေမှာ ထည့်သွင်းဖော်ပြရပါမယ်။ စီမံကိန်းတိုင်းက တိုင်းတာလို့ရနိုင်တဲ့ ပစ်မှတ်တွေ ရှိရပါမယ်။ လူထုသိနိုင်တဲ့ သင်ပုံး (public dashboards) တွေ ထားရှိရပါမယ်။ အလားတူ အရေးကြီးတာကတော့ ဖွံ့ဖြိုးမှုရဲ့ လူသားဆိုင်ရာ အပိုင်းကဏ္ဍပါ။

ထိုင်းလူထုတွေက ဆေးစွဲနေလို့ အင်အားချည့်နဲ့နေရင်၊ ကုစားမပေးတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်နေရရင် ထိုင်းနိုင်ငံက ကြီးထွားနိုင်မှာ မဟုတ်ပါဘူး။ အချက်အလက် အထောက်အထား အခြေပြု ကြိုတင်ကာကွယ်မှုတွေ၊ ကုသပေးမှုတွေနဲ့ အဆင့်မြှင့်ပေးမှသာ လုပ်သားအင်အားစုပါဝင်နိုင်မှု (labour-force participation) ကို မြင့်စေပါမယ်။ အချိန်ကုန် သက်သာမယ်။ မိသားစုတွေ အားကောင်းသန်စွမ်းလာပါမယ်။ ကျောင်းတွေနဲ့ ရပ်ရွာတွေ အခြေပြု ကြိုတင်ကာကွယ်မှု အစီအစဉ်တွေကို ချဲ့ထွင်သင့်ပါတယ်။ နှစ်သိမ့်ဆွေးနွေးမှု၊ ပြန်လည်ပျိုးထောင်မှု ဝန်ဆောင်ပေးမှုတွေကို အကြာကြီး စောင့်မနေရဘဲ လူအများ ရရှိသင့်ပါတယ်။ လုပ်ငန်းခွင်မှာ ပံ့ပိုးမှုတွေ ရစေခြင်းအားဖြင့် လူတွေကို အလုပ်တွေထဲမှာ ကြာရှည် ဆက်ရှိနေနိုင်စေပါတယ်။ ဒီလိုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ရရှိစေပြီး အခြေခံ အဆောက်အဦထဲမှာ တစ်ဆို့နေတဲ့ ပြဿနာတွေကို ပစ်မှတ်ထား မြန်မြန်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ငွေအနည်းငယ် ရင်းပေးရုံနဲ့ ကြီးမားတဲ့ အောင်မြင်မှု ရရှိစေနိုင်ပြီး တိုင်းတာလို့ရနိုင်တဲ့ ရလဒ် ပြန်ရမှုတွေလည်း ဖြစ်စေနိုင်ပါတယ်။

အအေးပေးကွင်းဆက် (Cold Chain logistics) လုပ်ပေးရုံနဲ့ ပုပ်သိုးမှုတွေ လျှော့ချနိုင်ပြီး လယ်ယာလုပ်သားတွေအတွက် ဝင်ငွေ ပိုတိုးစေနိုင်ပါတယ်။ ရေပေးရေး တူးမြောင်းကွန်ရက်တွေ အထူးသဖြင့် အငယ်စား ရပ်ရွာက စီမံတဲ့စနစ်နဲ့ ဆောင်ရွက်နေတာတွေရော၊ တည်ရှိပြီးသား တူးမြောင်းတွေကို ပြန်လည်ပြုပြင်ပေးတာတွေကြောင့်ပါ ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ပါမယ်။ ရေရှားနေတဲ့ ဒေသတွေအတွက်လည်း အထောက်အကူ ဖြစ်စေပါမယ်။ ဆက်သွယ်မှုချို့တဲ့ရာ ဒေသတွေမှာ ဒစ်ဂျစ်တယ်ဆက်သွယ်မှု (Digital connectivity) လုပ်ပေးတာကြောင့် အခွင့်အလမ်း ကွာဟမှုကို ကျဉ်းမြောင်းစေပါမယ်။ ကျောင်းသားတွေက အခက်အခဲ မရှိတော့ဘဲ အွန်လိုင်းလေ့လာသင်ယူမှုတွေ လုပ်နိုင်ကြပါလိမ့်မယ်။ လုပ်ငန်းငယ်တွေက ခရိုင်နယ်နိမိတ်ကို ကျော်လွန်ပြီး သူတို့ထုတ်ကုန်တွေ ရောင်းချလာနိုင်ပါလိမ့်မယ်။ ဒေသတွင်းက တီထွင်ဖန်တီးသူတွေက နိုင်ငံအဆင့်၊ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကွင်းဆက်တွေနဲ့ ချိတ်ဆက်လာနိုင်ပါလိမ့်မယ်။

ယုံကြည်ကိုးစားရမှုက သန့်ရှင်းတဲ့ အုပ်ချုပ်မှုစနစ်အပေါ်မှာ မူတည်နေတာကြောင့် ရန်ပုံငွေ တစိတ်တပိုင်းကို ဒီစနစ်အတွက် ဖြည့်ဆည်း ထောက်ပံ့သင့်ပါတယ်။ ဒါမှပဲ ပြည်သူတွေအနေနဲ့ ရိုးသားစွာ သုံးစွဲနေတယ်ဆိုတာ သိရှိနိုင်ပါလိမ့်မယ်။ ပွင့်လင်းမြင်သာတဲ့ အီး- ပစ္စည်းစုဆောင်းမှု (eprocurement) လုပ်နိုင်ခဲ့ရင် တင်ဒါခေါ်ဆိုမှု ကိစ္စ၊ ရွေးချယ်မှု၊ စာချုပ် ချုပ်ဆိုမှုနဲ့ ပစ္စည်းပေးသွင်းမှု စတဲ့ မှတ်တိုင်တွေကိုလည်း သေချာဆောင်ရွက်နိုင်ပါမယ်။ သိချင်တဲ့ နိုင်ငံသားတွေ၊ သတင်းထောက်တွေ၊ စာရင်းစစ်တွေကလည်း စောင့်ကြည့်နိုင်ပါလိမ့်မယ်။

နိုင်ငံသားတွေက လုပ်ငန်းစစ်တဲ့လုပ်ငန်း (Citizen-audit) အတွက် ကိရိယာနည်းနာတွေက စီမံကိန်းတွေကို လူထုအင်အားနဲ့ ပါဝင်စစ်ဆေးတာမျိုး (crowd-check) လုပ်နိုင်ပြီး ဘတ်ဂျက် အချိန်ဇယားတွေအတိုင်း ဖြစ်-မဖြစ် စစ်ဆေးနိုင်ကြပါလိမ့်မယ်။ လာဘ်စားတာ၊ ခိုးဝှက်တာ လုပ်မယ်ဆိုရင်တောင်မှ ပိုခက်ခဲပြီး ဖုံးကွယ်ထားဖို့လည်း ခက်ပါလိမ့်မယ်။ နှစ်စဉ် သီးခြားလွတ်လပ်တဲ့ စာရင်းစစ်ဆေးမှုကို အကယ်၍ အပြည့်အစုံ ပုံနှိပ်ဖော်ပြခဲ့ရင် ပြန်လည်ပြီး ထပ်ပြင်ဆင်ဖို့မရှိအောင် ဖြစ်စေပါမယ်။ သန့်ရှင်းတဲ့အုပ်ချုပ်မှုစနစ်ဟာ ထပ်ဆောင်းကုန်ကျမှု စရိတ် မဟုတ်ပါဘူး။ ကုန်ကျတဲ့အတိုင်း ပြန်ရမယ့် ရင်းနှီးမြှုပ်နှံမှုပေါ်က ယုံကြည်မှုပဲ ဖြစ်ပါတယ်။

ပါမောက္ခ ပီရာဆစ်ရဲ့ အခုဆွေးနွေးချက်ကတော့ နိုင်ငံသားတွေနဲ့ ကြွယ်ဝချမ်းသာသူတွေအကြား လူမှုပဋိညာဉ် (social contract) တခုပဲ ဖြစ်ပါတယ်။ ထည့်ဝင်လှူဒါန်းသူတွေ (ဘီလီယံနာတွေ၊ လူလတ်တန်းစား မိသားစုတွေ) က သေချာရှင်းလင်းစွာ ပြန်ရနိုင်တဲ့ ရလဒ်ကို မြင်ထားရပါမယ်။ မူးယစ်ဆေးဝါးကြောင့် ဘေးအန္တရာယ်ကြုံရမယ့် ကလေးအရေအတွက် နည်းလာမယ်၊ ခရီးသွားချိန် ပိုတိုလာမယ်၊ ထောက်ပို့ကုန်ကျစရိတ် နည်းလာမယ်။ စိုက်ပျိုးရေးအတွက် သေချာ ကိုးစားနိုင်မယ့် ရေရရှိရေး ဖြစ်လာမယ်။ ကျေးလက်က စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက် ဈေးချိုတဲ့၊ မြန်တဲ့ အင်တာနက် ရရှိစေမယ်။ လှူဒါန်းထားတဲ့ ဘတ်ငွေ တဘတ်ချင်းစီကို ခြေရာကောက် စစ်ဆေးလို့ရနိုင်မယ်။

ပြန်လည်ရရှိနိုင်တဲ့ အကျိုးအမြတ်ကတော့ ကျင့်ဝတ်ပိုင်းမျှသာ မကပါဘူး။ ရုပ်ပိုင်းဆိုင်ရာလည်း ဖြစ်နိုင်ပါတယ်။ လုပ်သားအင်အားပါဝင်မှု အချိုး (labour-force participation) မြင့်မားလာနိုင်သလို စီးပွားလုပ်ငန်းငယ်တွေလည်း သန်မာ အားကောင်းလာနိုင်ပါတယ်။ အကျယ်အပြန့် ဒေသဆိုင်ရာ ဖွံ့ဖြိုးမှု ဖြစ်စေနိုင်ပါတယ်။ ပွင့်လင်းမြင်သာတဲ့ ထိရောက်မှု မြင့်မားတဲ့ ဦးတည်ချက် ရှင်းလင်းတဲ့ လုပ်ငန်းမျိုးကို ပေးလှူဖို့ မခက်ခဲနိုင်ပါဘူးလို့ သူက ယူဆပါတယ်။

သာမန်ပြည်သူတွေ၊ နိုင်ငံသားတွေက ဘုရားကျောင်းတွေ၊ ရပ်ရွာ ဓမ္မာရုံတွေ၊ အများအကျိုးနဲ့ မိသားစုကွန်ရက်တွေကို လှူဒါန်းနေကြပါတယ်။ သိပ်မများတဲ့ စေတနာ့ဝန်ထမ်း ထည့်ဝင်လှူဒါန်းမှုတွေကနေ အပြန်အလှန် အထောက်အကူ ဖြစ်စေမယ်လို့ ယူဆပါတယ်။ အဆိုးမြင်သူတွေက ဒီလိုရန်ပုံငွေတွေ ထူထောင်ရင် ကျရှုံးရမှာပဲလို့ ဆိုကြပါလိမ့်မယ်။ နိုင်ငံရေးကနေပြီး ဝင်စွက်ဖက် ခြယ်လှယ်လာရင်၊ ပွင့်လင်းမြင်သာမှု မရှိရင် ကျရှုံးရမှာပါ။ ဒီကိစ္စတွေ အားလုံးအပြင် အောင်မြင်မှုက ခေါင်းဆောင်မှုအပေါ် မူတည်နေပါတယ်။ အရင်းအမြစ်တွေကို စည်းရုံးလှုံ့ဆော်ဖို့နည်းလမ်းက နည်းနာဆိုင်ရာ ဒီဇိုင်း (technical design) မျှသာ မဟုတ်ပါဘူး။ ခေါင်းဆောင်မှုနဲ့ စိတ်စေတနာရှိမှု၊ မြော်မြင်ချက်၊ နိုင်ငံရေးဆန္ဒရှိမှု အားလုံးနဲ့ သက်ဆိုင်နေပါတယ်။

စင်္ကာပူ၊ တောင်ကိုရီးယားနဲ့ အက်စတိုးနီးယားတို့ရဲ့ ကြီးမြတ်တဲ့ အသွင်ပြောင်းတိုးတက်မှုကြီးက အလိုအလျောက် ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ ခေါင်းဆောင်တွေက လမ်းညွှန် ဖော်ဆောင်ခဲ့ကြတာပါ။ ဒီခေါင်းဆောင်တွေက ပြည်သူတွေရဲ့ ယုံကြည်မှုကို ရယူပြီး ကြီးလေးတဲ့ ဆုံးဖြတ်ချက်တွေ ရွေးချယ်စေခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံခေါင်းဆောင်တွေက အခုစိန်ခေါ်မှုတွေအတွက် ထ,ရပ်သင့်ပါပြီ။ အမျိုးသားရန်ပုံငွေတရပ်အတွက် ဒီဇိုင်းရေးဆွဲ၊ သေချာ ကျနအောင်လုပ်၊ ချန်ပီယံလုပ် ဦးဆောင်ကြသင့်ပါပြီ။ ဒီလိုမှ လူတန်းစားမညီမျှမှုတွေကနေ အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲနိုင်မှာပါလို့ ဆွေးနွေးထားပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်ရော… ဖြစ်နိုင်မယ် ထင်ပါသလား။

အောင်သူငြိမ်း

ရင်းမြစ်။ 

Peerasit Kamnuansilpa. (September 11, 2025).

From FDI to homegrown growth. Bangkok Post.

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024