Home
မြန်မာသတင်း
ထိုင်းက ပြန်ပို့သည့် မြန်မာလုပ်သား ၉၀ ကို စစ်တပ်က ခေါ်ဆောင်သွား
DVB
·
October 10, 2025

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ လဝကအချုပ်ထောင်မှာ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ မြန်မာနိုင်ငံသား အယောက် ၉၀ လောက်ကို အောက်တိုဘာ ၉ ရက် မနက်  ၁၁ နာရီခွဲလောက်မှာ မြန်မာနိုင်ငံ ကော့သောင်းဘက် လှေဆိပ်ကို ၂ နိုင်ငံ တာဝန်ရှိသူတွေကနေ လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ရနောင်း လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန် ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ လွတ်ရက်စေ့ မြန်မာအမျိုးသား ၈၁ ယောက်နဲ့ အမျိုးသမီး ၉ ယောက်တို့ကို ကော့သောင်းဘက် ပို့ဆောင်ပြီးနောက် စစ်ကောင်စီတပ်ကနေ ၆ မိုင်ရွာ အခြေစိုက် ခလရ ၂၆၂ တပ်ရင်းထဲကို ခေါ်ဆောင်သွားတယ်လို့ ကော့သောင်းမြို့ခံက ပြောပါတယ်။

“‌ခေါ်သွားတာတော့ အဲဒီ‌ ခြောက်မိုင်ရွာ ၂၆၂ တပ်ထဲပါပဲ။ ပိုက်ဆံအထပ်လိုက် ပုံပေးနိုင်သူက လွဲရင် မလွတ်ပါဘူး။‌‌ ကော့သောင်းဘက်မှာပဲ ငွေပေးထုတ်ရတာပါ။”

စစ်ကောင်စီတပ်က ‌ခေါ်ဆောင်သွားတဲ့ နေရပ်ပြန်ပို့ခံရသူ အယောက် ၉၀ ထဲက ဘယ်နှယောက် ပြန်လွတ်လာတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။

ခလရ ၂၆၂ တပ်ရင်းထဲရောက်သွားသူတွေကိုတော့ ပိုက်ဆံနဲ့ ရွေးထုတ်ရ‌တာမျိုးတွေရှိတယ်လို့ ကော့သောင်း‌ဒေသခံ တယောက်က ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်တုန်းက ရနောင်းအချုပ်ထောင်မှာ အပြစ်ကျနေတဲ့ လွတ်ရက်စေ့ မြန်မာနိုင်ငံသား စုစုပေါင်း ၁၄၅ ယောက်ကို  ကော့သောင်းလှေဆိပ်ကို လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားပါတယ်။

‌ထိုင်းက‌ နေရပ်ပြန်ပို့ခံရသူတွေကို အသက်အရွယ်ခွဲပြီးတော့ စစ်မှုထမ်းအကျုံးဝင်တဲ့သူတွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ တပ်သားသစ်လေ့ကျင့်ရေးကျောင်းတွေ ပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024