
ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ အင်္ဂလိပ်လိဂ်ဖလား (EFL) ပြိုင်ပွဲ စတုတ္ထအဆင့်မှာ လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းဟာ အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၃ ဂိုးပြတ် ရှုံးနိမ့်သွားပါတယ်။
အရန်နဲ့ လူငယ်ကစားသမား အများစုနဲ့ ပွဲထွက်လာတဲ့ လီဗာပူးကို ဧည့်သည်အသင်းက ပထမပိုင်း ၄၁ မိနစ်နဲ့ ၄၅ မိနစ်မှာ ဆားရ်ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ် ဦးဆောင်နေခဲ့တာပါ။
အဲဒီနောက် ဒုတိယပိုင်း ၇၉ မိနစ်မှာတော့ လီဗာပူးကစားသမား အမ်မရာနိုင်လို အထုတ်ခံလိုက်ရပါတယ်။
ပွဲပြီးခါနီး ၈၈ မိနစ်မှာတော့ ပဲလေ့စ်ကစားသမား ပီနိုက တတိယအနိုင်ဂိုးသွင်းပြီး ပွဲအပြီးမှာ ၃ ဂိုးပြတ် အနိုင်ရသွားတာပါ။
ဒီရှုံးပွဲဟာ လီဗာပူးအသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ ၆ ပွဲမြောက် ရှုံးနိမ့်တဲ့ပွဲ ဖြစ်လာပါတယ်။
သူတို့ဟာ စက်တင်ဘာလကုန်ပိုင်းကနေ အခု အောက်တိုဘာလကုန်အထိ ကစားခဲ့တဲ့ပွဲတွေမှာ ဂျာမန်ကလပ် ဖရန့်ဖတ်နဲ့ ကစားခဲ့တဲ့ ဥရောပချန်ပီယံလိဂ်ပွဲ တပွဲပဲ အနိုင်ရခဲ့ပြီး ကျန်တဲ့ပွဲတွေကတော့ ရှုံးနိမ့်ခဲ့ပါတယ်။


