Home
ဆောင်းပါး
ရွှေအိုရောင်တိုက်ပုံဝတ် စစ်သားအိုကြီးတွေရဲ့ ဇာတ်သိမ်းမလှတဲ့ နိုင်ငံရေးအဆုံးသတ်
DVB
·
October 29, 2025

မြန်မာနိုင်ငံမှာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီကြီးငယ် စုစုပေါင်း ၅၇ ပါတီ ရှိပြီး၊ အဲဒီအထဲမှာမှ တနိုင်ငံလုံးအနှံ့ ဝင်ပြိုင်နိုင်မယ့် ပါတီကြီး  ၆  ပါတီသာ ရှိပါတယ်။

အစပိုင်းမှာ တနိုင်ငံလုံးအနှံ့ ဝင်ပြိုင်မယ့်ပါတီ ၉ ခုအထိ ရှိခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ကြိုးဆွဲအရုပ် ရွေးကောက်ပွဲကော်မရှင် အမိန့်တချက်နဲ့  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုးသမီးပါတီ(မွန်) နဲ့ ပြည်ထောင်စုလယ်သမားအ လုပ်သမားအင်အားစုပါတီ တို့ကို ဖျက်သိမ်းခဲ့ပါတယ်။

ဒီအထဲမှာ NDF ပါတီဟာ ၂၀၂၅ ရွေးကောက်ပွဲမှာ စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါကို အတိုင်းအတာတခုအထိယှဉ်ပြိုင်နိုင်လောက်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတဲ့ပါတီဖြစ်ပြီး အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) ကတော့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် အာဏာသိမ်းလို့ရအောင် သမ္မတဦးဝင်းမြင့်ကို တရားတက်စွဲခဲ့တဲ့ သရေစည်သူဘွဲ့ခံ ဦးစိုးမောင် ဦးဆောင်တဲ့ ပါတီဖြစ်ပါတယ်။

ပါတီဖျက်သိမ်းခံခဲ့ရတာကို မတရားဘူး၊ မဖြစ်သင့်ဘူးလို့ ဒေါသသံ မပါ အားငယ်လေသံနဲ့ ပြောရဲခဲ့တာဆိုလို့ ဒေါ်စန္ဒာမင်းပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီပဲ ရှိခဲ့ပြီး ကျန်ပါတီ ၃ ခုက လေသံတောင် မဟရဲခဲ့ဘဲ ရေငုံနှုတ်ပိတ်နေခဲ့ကြတာ တွေ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကာလကဆိုရင် တည်ဆဲအစိုးရကို လက်သီးလက်မောင်းတန်းပြီး စကားလုံးကြမ်းကြမ်း ထွက်ခဲ့တဲ့ ဦးစိုးမောင် ဆိုရင် သူ့ပါတီတခုလုံး ဖျက်သိမ်းခံခဲ့ရတာကို လေသံတစက်ပင် မထွက်ရဲခဲ့ပါဘူး။

စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဖျက်သိမ်းမှုကြောင့် ရွှေရောင်ဖိတ်ဖိတ်တောက် အဝတ်တွေဝတ်ကြတဲ့ ဦးစိုးမောင် ခေါင်းဆောင်တဲ့ စစ်သားအိုကြီးတွေရဲ့ ပါတီဟာ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်ကနေ လူးလွန့်ကျပြီး သတင်းအစအနတောင် မကျန်ဘဲ ပျောက်ကွယ်ပေးလိုက်ရပြီ ဖြစ်ပါတယ်။

ဦးစိုးမောင်အကြောင်း တစေ့တစောင်းပြောရရင် သူက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထက် အပတ်စဉ် ၂ ခု ကြီးတဲ့ ရေစကြိုဇာတိဖွား စစ်တက္ကသိုလ်အပတ်စဉ် ၁၇ ဆင်း အသက် ၇၀ ကျော်အရွယ်။ စစ်ခေါင်းဆောင် ဗိုလ်သန်းရွှေလက်ထက်က ဒုတိယဗိုလ်ချုပ်ကြီး အဆင့်နဲ့ စစ်ဥပဒေချုပ် တာဝန်ယူခဲ့တဲ့အပြင်၊ ၂၀၀၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မရှင် အဖွဲ့ဝင် ဖြစ်ခဲ့သူပါ။ ဥပဒေရေးရာမှာ ကျွမ်းကျင်သူတဦးလို့လည်း ဆိုကြပါတယ်။

သူဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အရပ်ဝတ်လဲခဲ့ရပြီး၊ ကြံ့ခိုင်ရေးထဲဝင် ရေစကြိုကနေ အမတ်အဖြစ်နဲ့ ဦးသိန်းစိန်ရဲ့ သမ္မတရုံးဝန်ကြီးတဦး ဖြစ်လာခဲ့သူပါ။ ဝန်ကြီးဖြစ်လာပေမဲ့လည်း ဌာနလက်ကိုင်မရှိတဲ့ ဝန်ကြီးဘဝနဲ့ စီးပွားရေးလည်းမကိုင်တွယ်ရ၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကိုလည်း မစီမံရလို့ တာဝန်ကြီးကြီး အပေးမခံရတဲ့ ရုံးထိုင်ဝန်ကြီးတဦးအဖြစ် လူသိများခဲ့ပါတယ်။

စစ်တပ်ထဲ ရှိစဉ်ကာလ လုပ်ပိုင်ခွင့်မရှိတဲ့ နေရာနဲ့ အစိုးရထဲ ရောက်ပြန်တော့လည်း စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု မကိုင်တွယ်ရတာကြောင့် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးကို သူက မထူထောင်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ နိုင်ငံရေးပြိုင်ဘက်တွေအပေါ် သဘောထားတင်းမာသူရယ်လို့တော့ မှတ်ကျောက်တော့ တင်ခံခဲ့ရပါတယ်။

ဒီလိုနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးအမတ်အဖြစ်နဲ့ ရေစကြိုကနေ ထပ်ပြိုင်ပါတယ်။ NLDကို မနိုင်ဘဲ ရှုံးပါတယ်။ နောက်တော့ နှစ်အနည်းငယ်လူမြင်ကွင်းကနေ ပျောက်ကွယ်သွားပြီး ၂၀၁၉ မှာတော့ ရွှေရောင်ဖိတ်ဖိတ်တောက်အဝတ်တွေ ဝတ်ပြီး လက်သီးလက်မောင်းတန်းပြီး အမျိုးသားရေးပါတီ ထထောင်ပါတော့တယ်။

သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အတိုက်အခံလုပ်ဖို့ ရည်ရွယ်ချက်က ပိုများပြီး သူ့ရဲ့ မဲဆွယ်မှုတိုင်းမှာ အမျိုးဘာသာသာသနာဆိုတဲ့ အသံတွေက ကြံ့ခိုင်ရေးပါတီထက်ကို ပိုကျယ်လောင်ခဲ့ပါတယ်။ ကြံ့ခိုင်ရေးပါတီနဲ့ မိတ်ဖက်နိုင်ငံရေးပါတီတွေရဲ့ ထုတ်ပြန်ချက်တိုင်းမှာ သူ့ပါတီပါဝင်ခဲ့ပြီး ၂၆ ပါတီအစုအဖွဲ့ဝင်ရယ်လို့ နာမည်ကျော်ခဲ့ပါတယ်။

သူ့ရဲ့ နိုင်ငံရေးပါတီအဆုံးသတ်ဟာ စစ်တပ်မှာ အနှစ် ၄၀ နီးပါး စစ်မှုထမ်းခဲ့ပြီး နအဖ စစ်အစိုးရနှောင်းပိုင်းကာလတွေမှာ တတိယအဆင့် သြဇာအာဏာရှိသူလို့ သတ်မှတ်ခံခဲ့ရတဲ့ သူရဦးရွှေမန်း ရဲ့ ပြည်ထောင်စုကောင်ကျိုးဆောင်ပါတီရဲ့ နိဂုံးနဲ့ မတူကွဲပြားလို့နေပါတယ်။

အမည်မဖော်လိုတဲ့ ကြံ့ဖွံ့ပါတီဝင်တယောက်က “ဦးရွှေမန်းကြီးက စစ်တပ်ကို ကြောက်လို့ နိုင်ငံရေးမလုပ်တော့ဘဲ ၂၀၂၂ ခုနှစ်မှာ သူ့ဟာသူ ပါတီ ဖျက်ပစ်လိုက်တာ။ ဦးစိုးမောင်ပါတီကတော့ ၂၀၂၅ ရွေးကောက်ပွဲကို အားခဲထားတဲ့သူ၊ စစ်တပ်ကိုလည်း ထောက်ခံခဲ့တဲ့သူ၊ NLD ကို ဆန့်ကျင်ခဲ့တဲ့သူ။ ဒါပေမဲ့ သူ့ပါတီကို စစ်တပ်က အလေးမထားဘဲ ဖျက်ပစ်လိုက်တာ” လို့ ပြောပါတယ်။

ပါတီဝင်အင်အားအပြည့်ပြနိုင်လောက်တဲ့အထိ သူ့ရဲ့ပါတီက အင်အားတစုံတရာရှိထားပေမဲ့ ပါတီရုံးခန်းတွေ သတ်မှတ်အရေအတွက်မပြည့်မီတဲ့ အချက်နဲ့ ပါတီက ဖျက်သိမ်းခံခဲ့ရတာလို့ စစ်တပ်လက်အောက်ခံ ရွေးကော်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဦးစိုးမောင်ဟာ ၂၀၂၀ ရွေးကောက်ပွဲကို တရားမမျှတဘူးဆိုပြီး၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းတို့ကို အာဏာပိုင်မေး စာချွန်လွှာ ပထမဦးဆုံးတင်ခဲ့တဲ့သူလို့ ဥပဒေဆိုင်ရာလေ့လာသူတယောက်က မှတ်ချက်ပြုပါတယ်။

သူ့အပြင် သူ့ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တာဝန်ယူထားတဲ့ နိုင်ငံရေးသမားအမည်ခံ ဦးဇော်ဝိတ် ဆိုသူကလည်း အာဏာပိုင်မေး စာချွန်လွှာနဲ့ သမ္မတကို ရန်ရှာခဲ့သူပါ။

“သူ ပထမဦးဆုံးတင်တာ။ ပြီးမှ ကြံ့ခိုင်ရေးက တင်ခဲ့တာ” လို့  ဥပဒေလေ့လာသူက ဆက်ပြောပြပါတယ်။

စစ်သားအို ဦးစိုးမောင်ရဲ့ ပေးဆပ်ခဲ့မှုကို စစ်ခေါင်းဆောင်ဘက်က မျက်ကွယ်ပြုခဲ့တဲ့အပြင် သူ့ထက် စီနီယာကျတဲ့ စစ်သားကြီးတွေရဲ့ပါတီတွေကို မလိုချင်တဲ့ပုံလည်း ပေါက်နေတယ်လို့ နိုင်ငံရေးလေ့လာသူတယောက်ကလည်း မှတ်ချက်ပြုခဲ့ပါတယ်။

ဦးစိုးမောင်ရဲ့ ပါတီဖျက်သိမ်းခံရပုံကို သူက စစ်အုပ်စုကို ထောက်ခံကြတဲ့သူတွေရဲ့ နိုင်ငံရေးနိဂုံးအဆုံးသတ်ကို ပြတဲ့ ပြယုဂ်တခုလို့ ဥပမာပြခဲ့ပါတယ်။

ဦးစိုးမောင်ရဲ့ လာရာနဲ့ လားရာကို ၂၀၁၉ ကတည်းက ကြိုတင် နိမိတ်ဖတ်ခံရဖူးပြီးသားပါ။ သူ့ရဲ့မိခင်နိုင်ငံရေးပါတီဖြစ်တဲ့ ကြံ့ဖွံ့က ပြောရဲဆိုရဲ ဦးလှဆွေဟာ ၂၀၁၉ ခုနှစ်၊ ဩဂုတ် ၃ ရက်မှာ People Media ကနေတဆင့် ဦးစိုးမောင်ကို ရုပ်သံအင်တာဗျူးနဲ့ ငွေကုန်လူပန်းဖြစ်လိမ့်မယ်၊ တခြား အကျိုးရှိတဲ့နေရာတွေမှာ ဘုရားတည်ကျောင်းဆောက်လုပ်ရင်တောင်မှ နာမည်ထိုးတာကမှ အဖက်တင်ဦးမယ်လို့  ဝေဖန်ဖူးတဲ့အထိ နိုင်ငံရေးအထာ အထားမခံခဲ့ရပါဘူး။

စစ်ခေါင်းဆောင်လက်ထက် နိုင်ငံရေးပါတီတခု တည်မြဲဖို့ဆိုတာမှာ လိုအပ်တဲ့ ငွေကြေးနဲ့စစ် တပ်ရဲ့ကျော ထောက်နောက်ခံရှိဖို့လိုပါတယ်။

စစ်သားဟောင်းတယောက်က “စစ်ခေါင်းဆောင်က သူ့ရဲ့ နောက်တော်ပါးသစ္စာခံတွေဖြစ်တဲ့ အာဏာသိမ်းမှုမှာပါတဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ကို တောင် ထောင်ချခဲ့သေးတာပဲ။ အရင် စစ်သားအိုကြီးတွေလောက်ကိုတော့ သူက ခေါင်းထဲ ထည့်မှာတောင် မဟုတ်ဘူး။ မြန်မာ့နိုင်ငံရေးကို လိုသလိုပုံဖော်ဖို့ အာဏာရှင်စနစ်အတိုင်း ဆက်သွားမှာပဲ” လို့ ပြောပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024