
အာဏာသိမ်းစစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်ရှိ အဓိကလမ်းမကြီးတွေရဲ့ လမ်းဘေး ဘယ်/ညာမှာ လမ်းနယ်အတွင်း ကျူးကျော်နေထိုင်သူတွေကို ရှင်းလင်းဖယ်ရှားနေတယ်လို့ သိရပါတယ်။
အဓိကလမ်းမကြီးတွေရဲ့ လမ်းဘေး ဘယ်/ညာမှာ လမ်းနယ်အတွင်း ကျူးကျော်ဝင်ရောက် နေထိုင်သူတွေကို အခုနှစ်ကုန်မတိုင်ခင်အပြီး ဖယ်ရှားဖို့ စီစဉ်နေတာပါ။
အခုလိုဖယ်ရှားဖို့နဲ့ပတ်သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၄ ရက်က နေပြည်တော်ကောင်စီ၊ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့ပြီး ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကို ခေတ်မီစံပြမြို့တော်ဖြစ်အောင် ဆောင်ရွက်နေကြောင်း ပြောပါတယ်။
အခုလိုဆောင်ရွက်နေရာမှာ မြို့တော်ရဲ့ ဂုဏ်ကို ထိခိုက်စေတဲ့ လမ်းနယ်နိမိတ်အတွင်းနဲ့ လမ်းနယ်နိမိတ်ပြင်ပတွေမှာ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို လုပ်ထုံးလုပ်နည်း စည်းမျဉ်းဥပဒေတွေနဲ့ အညီဖယ်ရှားဖို့လိုအပ်တယ်လို့ ပြောကြားခဲ့တာပါ။
နေပြည်တော်အဓိကလမ်းမကြီးတွေဘေးက ကျူးကျော်တွေကို ဖယ်ရှားနေသလို တဖက်မှာလည်း နေပြည်တော် မြို့တော်ခန်းမအနီးမှာ ပြည်သူ့ရင်ပြင်၊ နေပြည်တော်မြို့အဝင်မှာ မြို့အဝင်ဆိုင်းဘုတ်တွေကို ပြုလုပ်နေပြီး စစ်ခေါင်းဆောင်ကိုယ်တိုင် အောက်တိုဘာ ၂၇ ရက်က လှည့်လည်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။




