
၂၀၂၅ ခုနှစ်ရဲ့ ကမ္ဘာ့အင်အားအပြင်းဆုံး မုန်တိုင်းဖြစ်တဲ့ ဟာရီကိန်း မယ်လစ်ဆာဟာ ဂျမေကာကျွန်းနိုင်ငံကို ဝင်ရောက်နေပြီး ဒါဟာ “ကပ်ဘေးအသွင် အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့” အခြေအနေလို့ အမေရိကန် မိုးလေဝသဌာနက သတိပေးထားပါတယ်။
ဒါဟာ ၁၈၅၁ ခုနှစ် မှတ်တမ်းစတင်ချိန်ကစလို့ ဂျမေကာရဲ့ သမိုင်းတလျှောက် အင်အားအပြင်းဆုံး ဝင်ရောက်တဲ့ မုန်တိုင်းလည်း ဖြစ်ပါတယ်။
မုန်တိုင်း ကုန်းတွင်းပိုင်း မဝင်ရောက်မီ အောက်တိုဘာ ၂၇ ရက် ညနေပိုင်းမှာ မုန်တိုင်းဆက်စပ် ဖြစ်စဉ်တွေကြောင့် ဂျမေကာနိုင်ငံထဲမှာ လူ ၃ ယောက် သေဆုံးသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။
တနာရီ ၁၇၅ မိုင် (၂၈၂ ကီလိုမီတာ) နှုန်းနဲ့ တိုက်ခတ်နေတဲ့ Category 5 အဆင့်ရှိ ဒီမုန်တိုင်းဟာ ဒေသစံတော်ချိန် အောက်တိုဘာ ၂၈ ရက် အစောပိုင်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒီမုန်တိုင်းဖြတ်သန်းမှုကြောင့် အိမ်နီးချင်း ဟေတီနဲ့ ဒိုမီနီကန်သမ္မတနိုင်ငံတွေမှာလည်း လူ ၄ ယောက် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
မုန်တိုင်းဟာ တနာရီ ၃ မိုင်နှုန်းနဲ့ အလွန်နှေးကွေးစွာ ရွေ့လျားနေတာကြောင့် နေရာတချို့မှာ မိုးရေချိန် လက်မ ၄၀ အထိ ရွာသွန်းနိုင်ပြီး အသက်အန္တရာယ်ရှိတဲ့ ရေကြီးမြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
ဂျမေကာဝန်ကြီးချုပ် အန်ဒရူး ဟိုးနက်စ် ကတော့ နိုင်ငံတဝန်းက အန္တရာယ်ရှိတဲ့ နေရာဒေသတွေက ပြည်သူတွေကို ချက်ချင်း ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ထားပါတယ်။
နိုင်ငံတဝန်းမှာ ခိုလှုံရေးစခန်း ၈၈၀ ကျော် ဖွင့်လှစ်ထားပြီး ဝန်ကြီးချုပ်က “ဒီ Category 5 မုန်တိုင်းဒဏ်ကို ဘယ်လို အခြေခံအဆောက်အအုံကမှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး” လို့ သတိပေး ပြောပါတယ်။
Source:Reuters


