အဆင့် ၅ ထိ ပြင်းအားရှိတဲ့ ဟာရီကိန်းမုန်တိုင်း မီလ်တန်ရဲ့ ဂြိုဟ်တုပုံရိပ်တွေကို အောက်တိုဘာ ၈ ရက်မှာ အမျိုးသားဟာရီကိန်းစင်တာ (NHC) က ထုတ်ဖော်ပြသခဲ့ပါတယ်။
ဟာရီကိန်း မီလ်တန်ဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အနောက်အလယ်ပိုင်းကနေ ကုန်းတွင်းကို ဝင်ရောက်မှာဖြစ်ပြီး မှတ်တမ်းတင်ထားသမျှထဲမှာ ဖျက်ဆီးအားအကောင်းဆုံး ဟာရီကိန်းမုန်တိုင်းတွေထဲကတခု ဖြစ်လာနိုင်ခြေရှိတယ်လို့ NHC က အင်္ဂါနေ့ညနေခင်း ဆွေးနွေးပွဲမှာ ပြောပါတယ်။
ဖလော်ရီဒါပြည်နယ်ထဲမှာ နေသူတွေဟာ ဟာရီကိန်းမုန်တိုင်းမဝင်မီ နောက်ဆုံးနေ့မှာ ဘေးလွတ်ရာကို ထွက်သွားဖို့ လိုတယ်လို့ အာဏာပိုင်တွေက အောက်တိုဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဖလော်ရီဒါပြည်နယ်ထဲမှာ လတ်တလော နှစ်တွေအတွင်း အကြီးမားဆုံးအနေနဲ့ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ ကြိုးစားနေလို့ ထွက်သွားမလား အသေခံမလားလို့ သတိပေးခဲ့ပါတယ်။
ဟာရီကိန်း မီလ်တန်က ပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းဆီကို အရှိန်ပြင်းပြင်း လာနေချိန်မှာ ဖလော်ရီဒါပြည်နယ်က သန်းနဲ့ချီတဲ့ လူတွေဟာ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာဖို့ အပြေးအလွှား လုပ်ဆောင်နေကြပါတယ်။
ကမ်းရိုးတန်းဒေသတွေက လူပေါင်း ၁ သန်းကျော်ကို ဘေးလွတ်ရာရွှေ့ဖို့ အမိန့်ပေးထားပြီးပါပြီ။
မုန်တိုင်းဟာ မက္ကဆီကိုပင်လယ်ကွေ့ကို ဖြတ်ပြီး ဖလော်ရီဒါပင်လယ်ကွေ့ ကမ်းခြေအများစု ဆီကို တိုက်ခတ်မှာမို့ မုန်တိုင်းဒီရေက ၁၀ ပေ ကနေ ၁၅ ပေထိ တက်နိုင်တဲ့အတွက် လူအသေအပျောက် များနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
အဆင့် ၅ မုန်တိုင်း မီလ်တန်ဟာ အောက်တိုဘာ ၉ ရက် ညမှာ တမ်ပါဧရိယာကို ဝင်ရောက် တိုက်ခတ်နိုင်ပြီး လေတိုက်နှုန်း တနာရီ ၁၆၅ မိုင် (၂၇၀ ကီလိုမီတာ) အထိ တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။
ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ တောင်ကယ်ရိုလိုင်းနား၊ တန်နက်ဆီ၊ ဗာဂျီးနီးယားနဲ့ မြောက်ကာရိုလိုင်းနားတခွင်မှာ အဆင့် ၄ မုန်တိုင်းအဖြစ် ဟာရီကိန်း ဟယ်လင် ဝင်ရောက်တိုက်ခတ်ပြီးနောက် သီတင်းနှစ်ပတ်မပြည့်မီ ဟာရီကိန်း မီလ်တန်က ဝင်ရောက် တိုက်ခတ်တာလည်း ဖြစ်ပါတယ်။
Source-Reuters