Home
နိုင်ငံတကာ
ကျူးဘားကျွန်းကို ဟာရီကိန်း ဝင်ရောက်၊ ဟာဗားနားတွင် လျှပ်စစ်မီးပြတ်တောက်
DVB
·
November 7, 2024
Photo: REUTERS/Alexandre Meneghini

ကျူးဘားကျွန်းရဲ့ အနောက်တောင်ပိုင်းကမ်းခြေကို ဟာရီကိန်းမုန်တိုင်း ရာဖှယ်လ် ဝင်ရောက်ခဲ့ပြီး လေတိုက်နှုန်း ၁ နာရီ ၁၁၅ မိုင်နဲ့ ဆက်တိုက် တိုက်ခတ်ခဲ့တာကြောင့် နိုဝင်ဘာ ၆ ရက်က ကျူးဘားနိုင်ငံရဲ့ အမျိုးသားလျှပ်စစ်ဓာတ်အားလိုင်း ပြိုကျ ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

ဟာရီကိန်းဟာ မွန်းလွဲပိုင်းမှာ ကျူးဘားနိုင်ငံ မြို့တော်ဟာဗားနားရဲ့ အနောက်တောင်ဘက် ၄၅ မိုင် (၇၅ ကီလိုမီတာ) အကွာမှာ ရွေ့လျားနေပြီး လူပေါင်း ၂ သန်းနီးပါး နေထိုင်ရာ မြို့တော်ကို မိုးရွာကာ လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။ 

လေပြင်းတွေ တိုက်ခတ်မှုကြောင့် နိုင်ငံရဲ့ လျှပ်စစ်စနစ် ပြိုကျပျက်စီးသွားကြောင်း ကျူးဘားနိုင်ငံရဲ့ အစိုးရပိုင် ဂရစ်အော်ပရေတာ UNE လုပ်ငန်းက ပြောပါတယ်။ 

နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်ပြန်ချက်အရ တကျွန်းလုံး လူဦးရေ ၁၀ သန်းရှိတဲ့နိုင်ငံမှာ လျှပ်စစ်မီးပြတ်တောက်နေပြီး ဒါဟာ ကျွန်းမှာ တလမပြည့်ခင် ဒုတိယအကြိမ် ထပ်ကြုံရတဲ့ ဖြစ်ရပ်လို့ ဆိုပါတယ်။ 

မြို့တော် ဟာဗားနားတခွင်မှာလည်း မိုးသည်းထန်စွာ ရွာနေတာကြောင့် လမ်းတွေလည်း မှောင်မိုက်နေပြီး ဒေသခံတွေဟာ လမ်းထွက်ရင် လက်နှိပ်ဓာတ်မီးနဲ့ ဆဲလ်ဖုန်းတွေကို အားကိုးနေရပါတယ်။ 

မီယာမီအခြေစိုက် NHC အမျိုးသားဟာရီကိန်းစင်တာကတော့ ဟာဗားနား အပါအဝင် ကျူးဘားနိုင်ငံအနောက်ပိုင်း နေရာအများအပြားမှာ ‘အသက်အန္တရာယ်ရှိတဲ့ မုန်တိုင်းဒီရေလှိုင်း၊ ဟာရီကိန်း လေပြင်းတိုက်ခတ်မှုနဲ့ ရုတ်တရက် ရေကြီးရေလျှံမှုတွေ’ကို သတိပေးထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013