Home
နိုင်ငံတကာ
ဟာရီကိန်းမုန်တိုင်း မီလ်တန် ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်
DVB
·
October 10, 2024
Photo - Reuters

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းမှာ လေဆင်နှာမောင်းတွေ ဖြစ်ပေါ်ပြီး မိုးသက်လေပြင်းနဲ့ မုန်တိုင်းဒီရေတို့ အပြင်းအထန် တိုက်ခတ်စေခဲ့တဲ့ ဟာရီကိန်း မီလ်တန်ဟာ အောက်တိုဘာ ၉ ရက် ည ၈နာရီခွဲမှာ ဖလော်ရီဒါ ကုန်းတွင်းပိုင်းဆီ ဝင်ရောက်ခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်၊ စိန့်ပီတာစဘတ်မြို့မှာ တနာရီအတွင်း မိုးရေချိန် ၅ လက်မကျော်ရှိခဲ့ပြီး အဲဒီ တနာရီအတွင်း လေတိုက်နှုန်း တနာရီ မိုင် ၉၀ အထိ ရောက်ခဲ့ပါတယ်။

တမ်ပါမြို့လယ်နဲ့ စိန့်ပီတာစဘတ်မြို့ရဲ့ အစိတ်အပိုင်းတွေမှာ မိုးရေချိန် ၁၇ လက်မအထိ ရွာခဲ့ပြီး ရေလွှမ်းမိုးနေပါတယ်။

ဒါ့အပြင် တမ်ပါမြို့မှာ တရက်အတွင်း မိုးရေချိန် ၁၁ လက်မကျော် ရွာခဲ့ပြီး တလစာ မိုးရွာသွန်းမှုစံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။ ဒီမှတ်တမ်းဟာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အမြင့်ဆုံးပါ။

မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံနေပြီး စိန့်ပီတာစဘတ်နဲ့ တမ်ပါမြို့တွေမှာ ခါးထိရောက်အောင် ရေတွေတက်ခဲ့ပါတယ်။

Lakeland၊ Winter Haven နဲ့ ဝက်စ်လေ ချာပယ်တို့ အပါအဝင် ပတ်စ်ကို၊ ဟီးလ်စ် ဘိုရိုနဲ့ ပေါ့ခ်ကောင်တီ မြို့တို့မှာ လျှပ်တပြက်ရေလွှမ်းမိုးမှု အရေးပေါ်အဆင့် အသက်ဝင်ခဲ့ပြီး အခုအချိန်အထိ မိုးရေက ၈ လက်မကနေ ၁၂ လက်မအထိ ရွာသွန်းခဲ့ပါတယ်။

ဖို့ထ်မိုင်ယာစ်မြို့က ကမ်းခြေအပန်းဖြေစခန်းတခုက လုံခြုံရေးကင်မရာ မှတ်တမ်းတွေအရ လွန်ကဲလေပြင်းတွေ၊ ရေကြီးတာတွေနဲ့ မိုးသည်းတာတွေကို တွေ့ရပါတယ်။

အမျိုးသား ဟာရီကိန်းစင်တာက ဟာရီကိန်းမုန်တိုင်း မီလ်တန်ကို အလွန်အန္တရာယ်များတဲ့ မုန်တိုင်းလို့ တံဆိပ်ကပ်ထားပါတယ်။

လူပေါင်း ၂ သန်းလောက်ကို ဘေးလွတ်ရာ ရွှေ့ဖို့ အမိန့်ထုတ်ထားပြီး လူသန်းပေါင်းများစွာလည်း မုန်တိုင်းဝင်မယ့် ခန့်မှန်းလမ်းကြောင်းပေါ်မှာ နေထိုင်ကြပါတယ်။

ဒီပြည်နယ်ဟာ လွန်ခဲ့တဲ့လကမှ ဟာရီကိန်း ဟယ်လင်မုန်တိုင်းဒဏ် ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013