ဟာရီကိန်းမုန်တိုင်း ဟယ်လင်ဒဏ်ခံခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းဒေသမှာ သေဆုံးသူ ၁၃၃ ယောက် ရှိလာပြီး မုန်တိုင်းဝင်ရောက်ခဲ့တဲ့ နေရာတွေမှာ အခုချိန်ထိ လျှပ်စစ်မီး အပါအဝင် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေဆဲလို့ အဲဒီဒေသမှာ နေထိုင်တဲ့ မြန်မာတွေက DVB ကို ပြောပါတယ်။
မုန်ဒိုင်းဒဏ်ကြောင့် လူသန်းနဲ့ချီပြီး အရေးပေါ်အကူအညီတွေ လိုအပ်ခဲ့ပြီး ပျောက်ဆုံးနေသူတွေလည်း ရာနဲ့ချီပြီးရှိတယ်လို့ သိရပါတယ်။
ဟာရီကိန်းမုန်တိုင်းဟာ ဖလော်ရီဒါပြည်နယ်၊ ဂျော်ဂျီယာနဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်တွေကို တစ်နာရီ မိုင် ၁၄၀ နှုန်းနဲ့ ဖြတ်သန်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မုန်တိုင်းနောက်ဆက်တွဲ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေကြီးတာတွေလည်းရှိခဲ့တာပါ။
မုန်တိုင်းဒဏ် အများဆုံးခံခဲ့ရတဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ထဲမှာဆိုရင် အခုအချိန်ထိ ရာစုနှစ်အတွင်း အဆိုးဝါးဆုံး ရေကြီးမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
မြောက်ကယ်ရိုလိုင်းနားမှာ ခုချိန်ထိ လျှပ်စစ်မီးတွေ ပြတ်တောက်နေတဲ့နေရာတွေ အများအပြား ရှိနေသလို၊ လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေတယ်လို့ သိရပါတယ်။
ရေကြီးမှုနောက်ဆက်တွဲအနေနဲ့ လျှပ်စစ်မီးတွေက နောက်ထပ်နှစ်ပတ်ဝန်းကျင်အထိ ပြတ်တောက်နိုင်ပြီး အလုပ်တွေလည်း တလလောက်ရပ်နားရဖို့ ရှိနေတယ်လို့ ဆူရှီလုပ်ငန်း လုပ်ကိုင်တဲ့ ကိုဆန်းပန်က ပြောပါတယ်။
ဟာရီကိန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို သမ္မတဂျိုးဘိုင်ဒင်လည်း သွားရောက်ဖို့ရှိနေပြီး မုန်တိုင်းသင့်နေရာတွေကို အကောင်းဆုံး ကူညီဆောင်ရွက်ပေးနေတယ်လို့ ပြောဆိုထားပါတယ်။
ထက်အောင်