Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ လျှပ်စစ်မီးမရသဖြင့် ဖုန်းနှင့် လျှပ်စစ်ပစ္စည်းအားသွင်းခများ မြင့်တက်
DVB
·
July 14, 2024

တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး၊ စက်သုံးဆီဈေးနှုန်းတွေမြင့်တက်နေတာကြောင့် ဖုန်းနဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ အားသွင်းခ အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ ရခိုင်ပြည်နယ်ရှိ မြို့ရွာတွေကို စစ်ကောင်စီက လျှပ်စစ်မီးတွေဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ရခိုင်ပြည်သူတွေဟာ ဖုန်းနဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို မီးစက်တွေ၊ ဆိုလာပြားတွေနဲ့ပဲ အားသွင်းနေကြရတာလို့ ကျောက်တော်မြို့ ဒေသခံတဦးက ပြောပါတယ်။

မိုးရာသီကာလဖြစ်တာကြောင့် မိုးများတဲ့ရက်တွေမှာ ဆိုလာနဲ့ အားသွင်းလို့ အဆင်မပြေတာကြောင့် မီးစက်တွေနဲ့ပဲ  အဓိကအားသွင်းနေကြရတယ်လို့ ဆိုပါတယ်။

ဖုန်းတလုံးကို အားသွင်းခ ကျပ် ၁၀၀၀ ၊  Power Bank တလုံးကို ကျပ် ၁၅၀၀၊ မီးလုံးတလုံးကို ကျပ် ၁၀၀၀ နဲ့ တခြား အိပ်သုံးလျှပ်စစ်ပစ္စည်းတွေကိုလည်း ငွေကျပ် ၁၀၀၀ နဲ့ အထက်ပေးပြီး အားသွင်းနေကြရ ပါတယ်။

မြောက်ဦးမြို့က လျှပ်စစ်ပစ္စည်းအားသွင်းလုပ်ငန်းလုပ်ကိုင်သူတဦးက "အရင်က ဖုန်းတလုံး အားသွင်းခကို ကျပ် ၅၀၀ သာယူပေမဲ့ လက်ရှိအချိန်မှာ အောက်တိန်း တလီတာကို ကျပ် ၁၈၀၀၀ နဲ့ ဒီဇယ်တလီတာကို ကျပ်  ၁၅၀၀၀  အထိ မြင့်တက်နေတာကြောင့် လျှပ်စစ်အားသွင်းခ နှုန်းထားကို ကျပ်  ၁၀၀၀ နဲ့ အထက်သတ်မှတ်ရတာ”လို့ ပြောပါတယ်။

နေပူတဲ့ရက်တွေမှာတော့ သူတို့အိမ်မှာရှိတဲ့ ဆိုလာပြားတွေနဲ့ အားသွင်းကြလို့ ဖုန်းနဲ့လျှပ်စစ်ပစ္စည်းအားသွင်းတဲ့ အရေအတွက်နည်းပါးပြီး မိုးများများရွာတဲ့ ရက်လောက်ပဲ အလုပ်ဖြစ်တာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်(AA)က ပလက်ဝဒေသတခုလုံးအပြင် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့တွေကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားသလို သံတွဲ၊ တောင်ကုတ်၊ မောင်တောနဲ့ အမ်းမြို့နယ်တွေမှာလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013