မက္ကဆီကိုနိုင်ငံမှာ လူပေါင်း ၂၉ ယောက် သေဆုံးခဲ့ရတဲ့ ဟာရီကိန်းမုန်တိုင်း ဂျွန်ကြောင့် နိုင်ငံအနောက်တောင်ပိုင်းရှိ အကာပူလ်ကို အပန်းဖြေမြို့မှာ အပျက်အစီးတွေကို ရှင်းလင်းနေရဆဲဖြစ်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့အပြီး တပတ်လောက်နီးပါးအကြာမှာ ဒေသခံမိသားစုတွေဟာ ပုံမှန်အနေအထား ပြန်ရောက်အောင် ရုန်းကန်နေကြရကာ အစိုးရအကူအညီတွေ ရရှိဖို့လည်း တောင်းဆိုနေကြပါတယ်။
လိုပက်ဇ် ပေါ်တီယို ရပ်ကွက်မှာ ဒေသခံတွေရဲ့ နေအိမ်တွေ ရေလွှမ်းမိုးခံထားရပြီး သူတို့ရဲ့ပရိဘောဂတွေကို ရွှံ့တွေ ဖုံးအုပ်နေပါတယ်။ ရိုက်တာသတင်းဌာနနဲ့ စကားပြောခဲ့တဲ့ ဒေသခံတွေက အာဏာပိုင်တွေက သူတို့ကို အကူအညီလာမပေးဘူးလို့ ပြောပါတယ်။
ဘေးသင့်ဒေသခံတယောက်က “ဒီလမ်းမှာ သဲတွေ၊ ရွှံ့တွေက ၁ မီတာလောက် ထုတက်နေပြီး မြစ်ရေကလည်း ၃ မီတာလောက် နက်တာကြောင့် အာဏာပိုင်တွေ ဝင်ကူမှရမှာမို့ မြစ်ထဲက မြေဆီလွှာတွေကို ဖယ်ရှားဖို့ စစ်သားတွေကို လွှတ်ပေးပါ” လို့ ပြောပါတယ်။
ပြည်နယ်ဥက္ကဋ္ဌ လာမယ်လို့ ကြားပေမယ့် ခုထိ ရောက်မလာသေး၊ တံတိုင်းဆောက်ပေးမယ် ပြောထားဖူးပြီး အကူအညီတွေလည်း ခုထိ လာမပေးသေးဘူးလို့ တခြားဒေသခံတွေက ပြောဆိုကြပါတယ်။
မုန်တိုင်းဂျွန်ရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေလို့ ဆိုရမယ့် ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူသေဆုံးမှုတွေ ဖြစ်ခဲ့တာလို့ သတင်းတွေမှာ ဆိုကြပါတယ်။
ပင်လယ်ပြင်တွင် ပုံမှန်အပူချိန် မြင့်မားနေပါက နောက်ထပ် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်တယ်လို့ မက္ကဆီကိုစီးတီးမှာ သုတေသီ ဗစ်တာမွန်တက်စ် က သတိပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက ဟာရီကိန်းအိုတစ်စ်ဟာ အမျိုးအစား ၅ မုန်တိုင်းအဖြစ် အကာပူလ်ကို ကို ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် လူ ၅၀ ကျော် သေဆုံးပြီး ဒေါ်လာ ဘီလီယံနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ဒါပေမဲ့ မုန်တိုင်း ဂျွန် ရဲ့ မိုးရေချိန်ဟာ အိုတစ်စ် မုန်တိုင်းကရရှိတဲ့ မိုးရေချိန်ထက် ၃ ဆနီးပါး ပိုများပါတယ်။
Source-Reuters