Home
နိုင်ငံတကာ
မက္ကဆီကိုမှာ  ဆီနာလိုအာဂိုဏ်း စစ်ပွဲ အရှိန်မြင့်လာချိန်မှာ သေဆုံး/ပျောက်ဆုံးသူ ၁၀၀ ကျော် ရှိလာ
DVB
·
September 21, 2024
photo-Reuters

မက္ကဆီကိုနိုင်ငံအနောက်ပိုင်း ဆီနာလိုအာပြည်နယ်မှာ စက်တင်ဘာ ၉ ရက်က စတင်ခဲ့တဲ့ ပြိုင်ဖက်အဖွဲ့တွေအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီးကတည်းက လူ ၅၃ ဦး သေဆုံးပြီး ၅၁ ဦး ပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက စက်တင်ဘာ ၂၀ ​​ရက်မှာ ပြောကြားခဲ့ပြီး ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ လျော့ပါးသက်သာသွားမယ့် အရိပ်အယောင်တွေကို မတွေ့ရသေးဘူးလို့လည်း ဆိုပါတယ်။ 

စက်တင်ဘာ ၉ ရက်မှာ တိုက်ပွဲတွေ စတင် ဖြစ်ပွားပြီးကတည်းက ပစ်ခတ်မှုတွေကြောင့် မြို့တော် ကူလီယာကန်မှာ နေ့စဉ်ဘဝတွေ အနှောင့်အယှက် ဖြစ်ခဲ့ရပြီး စားသောက်ဆိုင်တွေနဲ့ ဈေးဆိုင်တွေ စောစောပိတ်ကုန်ကြကာ တချို့နေ့ရက်တွေမှာ စာသင်ကျောင်းတွေကိုလည်း ပိတ်ခဲ့ရပါတယ်။

မကြာသေးခင် ရက်ပိုင်းအတွင်း လူ ၄၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ဆီနာလိုအာ အုပ်ချုပ်ရေးမှူး ရူဘန် ရိုချာ မိုယာက သောကြာနေ့မှာ ပြောကြားခဲ့ပြီး ဆီနာလိုအာ တဝှမ်းမှာ အစားအသောက် ပါကင် ထုပ်ပေါင်း ၅၀၀၀ ကျော်ကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ 

မက္ကဆီကိုစစ်တပ်ဟာ အကြမ်းဖက်မှုတွေကို တည်ငြိမ်အောင် ကြိုးပမ်းနေပြီး လော့စ်ချာပီတိုစ် ဂိုဏ်းရဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ လုံခြုံရေးအကြီးအကဲ အိုင်ဗန် အာချီဗာလ်ဒို ဂုဇ်မန်းကို ကြာသပတေးနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ 

သူဟာ အကျဉ်းကျ ဆီနာလိုအာ ဂိုဏ်းဘုရင်ဟောင်း ဟွာကင်းန် အလ်ချာပို ဂုဇ်မန်း ရဲ့ သားလည်း ဖြစ်ပါတယ်။ 

အလ်ပိယိလို့ခေါ်တဲ့ ဖှာနန်ဒို ပီရက်ဇ် မက်ဒီနာ ကို ကွာလီယာကန်မှာ ဖမ်းဆီးရမိခဲ့ကြောင်း ဖက်ဒရယ်လုံခြုံရေး အရင်းအမြစ်တစ်ခုအရ သိရပါတယ်။ 

ဆီနာလိုအာ ကာတယ်လ် မူးယစ်ဂိုဏ်းရဲ့ သြဇာအရှိဆုံး အဖွဲ့ ၂ ဖွဲ့ကြား ပဋိပက္ခဖြစ်ပွားမှုဟာ ဂန္ထဝင် မူးယစ်မှောင်ခိုဂိုဏ်း ခေါင်းဆောင် အစ္စမဲလ် အလ်မာယို ဇမ်ဘာဒါကို အမေရိကန်မှာ ဖမ်းဆီးလိုက်ချိန် ဇူလိုင်လမှာ စတင်ခဲ့တာပါ။ 

မူးယစ်ဂိုဏ်းရဲ့ တခြားဂိုဏ်းခွဲ တခု ဖြစ်တဲ့ လော့စ်ချာပီတိုစ်ရဲ့ ထိပ်တန်းအဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ အသက် ၇၄ နှစ်ရှိ ဇမ်ဘာဒါ ကို ပြန်ပေးဆွဲပြီး သူ့ဆန္ဒကို ဆန့်ကျင်ကာ အမေရိကန်ကို လေယာဉ် ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

ဇမ်ဘာဒါကို ပြန်ပေးဆွဲခဲ့တဲ့ မှောင်ခိုသမား ဟွာကင်းန် ဂုဇ်မန်း လိုပက်ဇ်နဲ့ အမေရိကန် အရာရှိတွေ ကြား ကနဦး အညံ့ခံ ဆွေးနွေးမှုတွေကို ကိုးကားပြီး ဒီမတည်ငြိမ်မှုတွေအတွက် အမေရိကန်မှာ တစိတ်တပိုင်း တာဝန်ရှိတယ်လို့ မက္ကဆီကိုသမ္မတ အန်ဒရေးစ် မာနူယယ် လိုပက်ဇ် အိုဘရာဒေါက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ 

အမေရိကန်အရာရှိတွေဟာ ဂုဇ်မန်း နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သီးသန့် အတည်ပြုထားပေမဲ့ အမေရိကန်မြေပေါ်မှာ ဇမ်ဘာဒါကို တွေ့ရှိရလိုက်ခြင်းကြောင့် အမေရိကန်တာဝန်ရှိသူတွေ အံ့အားသင့်ခဲ့ရကြောင်း မက္ကဆီကိုနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကန်ဆလာဇာက ပြီးခဲ့တဲ့ လက ပြောကြားခဲ့ပါတယ်။ 

ဇူလိုင်လ ၂၅ ရက်က ဇမ်ဘာဒါကို ပြန်ပေးဆွဲမှုမှာ အမေရိကန် နိုင်ငံသားတွေနဲ့ အမှုထမ်းတွေ မပါဝင်ခဲ့ကြောင်းလည်း ဆလာဇာ က ပြောကြားခဲ့ပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013