မက္ကဆီကိုအာဏာပိုင်တွေဟာ နိုင်ငံအနောက်ပိုင်း စီနာလိုအာပြည်နယ်မှာ လူသတ်မှု ၂၀ ကျော်ကို စက်တင်ဘာ ၁၄ ရက်က မှတ်တမ်းရေးသွင်းခဲ့ပါတယ်။
ဒါဟာ မကြာမကြာ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်ဖြစ်နေတဲ့ နယ်မြေအတွင်း နောက်ဆုံးအကြမ်းဖက်မှုဖြစ်ပြီး ဂိုဏ်းအချင်းချင်း စစ်ပွဲဖြစ်နိုင်ခြေကို စိုးရိမ်စိတ်တွေ တိုးပွားလာနေပါတယ်။
လက်နက်ကိုင် အရပ်သားတွေနဲ့ စစ်တပ်ကြား ထိပ်တိုက်ရင်ဆိုင်မှုအတွင်း လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ စီနာလိုအာပြည်နယ် လုံခြုံရေးဝန်ကြီးက စက်တင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်သား ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဘယ်လာဗစ္စတာရွာနားက အဝေးပြေးလမ်းမပေါ်မှာ လက်နက်ကိုင် အမျိုးသားတွေ ရောက်လာတာကို စစ်တပ်က သတိပြုမိပြီး လိုက်ရှာခဲ့ရာက ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။
အစောပိုင်းက အမျိုးသားအလောင်းတလောင်းကို ဓာတ်ဆီဆိုင်နဲ့ တခြား အမျိုးသားအလောင်းတလောင်းကို ကူလီယာကံ အပြည်ပြည်ဆိုင်ရာလေဆိပ်နားက တူးမြောင်းတခုမှာ တွေ့ခဲ့တယ်လို့ စီနာလိုအာပြည်နယ် လုံခြုံရေးဝန်ကြီးက ပြောပါတယ်။
စက်တင်ဘာ ၉ ရက်ကနေ ၁၂ ရက်အကြား သတ်ဖြတ်မှု ၁၂ မှုကို စာရင်းသွင်းပြီးတဲ့နောက် သီတင်းတပတ်အတွင်း သတ်ဖြတ်မှု အရေအတွက် ၂၀ ကျော်အထိ တိုးလာခဲ့တာပါ။ အနည်းဆုံး ၇ ယောက်ကတော့ စက်တင်ဘာ ၁၃ ရက်မှာ မှတ်တမ်းဝင်ခဲ့ပါတယ်။
ပစိဖိတ်ကမ်းရိုးတန်းမှာရှိတဲ့ စီနာလိုအာပြည်နယ်ဟာ တချိန်က အမေရိကန်မှာ တသက်တကျွန်းပြစ်ဒဏ် ကျခံနေရတဲ့ ဟွာချင် အယ်လ်ချာပို ဂုဇ်မန်း ဦးဆောင်တဲ့ စီနာလိုအာ မူးယစ်ဂိုဏ်းရဲ့ မွေးရပ်မြေဖြစ်ပါတယ်။
တခြား ဝါရင့်ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ အစ္စမေးလ် အယ်လ်မာယို ဇမ်ဘာဒါကို ဇူလိုင်လမှာ ဖမ်းဆီးလိုက်နိုင်လို့ ဂိုဏ်းတွေကြား ရန်ပွဲနဲ့ နေရာလုပွဲတွေ ပေါ်လာမှာကို ကြောက်ရွံ့နေကြပါတယ်။
ကူလီယာကံမြို့မှာ ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ အစီရင်ခံစာ ၈ ခုကို အစိုးရရှေ့နေရုံးက သောကြာနေ့မှာ လက်ခံရရှိထားတယ်လို့ ပြောပါတယ်။
အကြမ်းဖက်မှု ပိုဆိုးလာနေလို့ ကူလီယာကံမြို့မှာ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ထားရပြီး အများသူငါ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ဖြတ်တောက်ခံထားရတဲ့အပြင် လွတ်လပ်ရေးနေ့ အခမ်းအနားတွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။
Source-Reuters