မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုတိုးလာပြီး ပြစ်ဒဏ်ကင်းလွတ်နေတဲ့ အဆိုးသံသရာကို အဆုံးသတ်နိုင်ဖို့ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်က ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ စာတမ်းတစောင် တင်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။
ဒီစာတမ်းထဲမှာတော့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက နိုင်ငံအနှံ့ ပိုမိုပြင်းထန်လာကြောင်း ပါဝင်ခဲ့သလို ထောင်ချီတဲ့ ဖမ်းဆီးခံထားရတဲ့သူတွေကို နှိပ်စက်ညှဥ်းပန်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအပါအဝင် ရာဇဝတ်မှုတွေများစွာ ကျူးလွန်ကြောင်း သတင်းပေးပို့ချက်နဲ့ ထွက်ဆိုချက်တွေကို IIMM က စုဆောင်းထားကြောင်းလည်း ပါဝင်ပါတယ်။
နီကိုလက်စ်ခွန်ဂျန်ဟာ ရခိုင်ပြည်နယ်က သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုနဲ့ ရွာမီးရှို့မှု စတဲ့ သတင်းပေးပို့ချက်တွေကို အထူးအားစိုက် စုံစမ်းနေကြောင်းနဲ့ ပြီးခဲ့တဲ့လက ပျံ့နှံခဲ့တဲ့ ဗီဒီယိုထဲက ရိုဟင်ဂျာတွေ တိုက်ခိုက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီးလည်း ဖော်ထုတ်နိုင်ဖို့ အားထုတ်ကြိုးပမ်းသွားမယ့်အကြောင်း တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုတိုးလာပြီး အိမ်နီးချင်းနိုင်ငံတွေကလည်း နယ်စပ်ဖြတ်ကျော် ထွက်ပြေးကြသူတွေရဲ့ ဝန်ကို ထမ်းပိုးနေရတာကြောင့် အကြမ်းဖက်မှုဆိုင်ရာ အထောက်အထားတွေကို စုဆောင်းနေတဲ့ IIMM ကို ပံ့ပိုးပေးဖို့၊ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ အဆိုးသံသရာကို အဆုံးသတ်နိုင်ဖို့ အကူအညီပေးဖို့ လိုအပ်နေတယ်လို့ ပြောဆိုပြီး နီကိုလက်စ်ခွန်ဂျန်က သူ့ရဲ့ တင်ပြမှုကို အဆုံးသတ်ခဲ့ပါတယ်။
နီကိုလက်စ်ခွန်ဂျန်ရဲ့ အခုလို ဆွေးနွေးမှုနဲ့ စာတမ်းတင်သွင်းခဲ့မှုကို ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက စက်တင်ဘာလ ၁၀ ရက်နေ့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ လုံခြုံစိတ်ချရတဲ့ နည်းလမ်းတွေနဲ့ သက်သေတွေကို ဖော်ထုတ်ပေးနိုင်ဖို့နဲ့ IIMM အနေနဲ့ မြန်မာနိုင်ငံကို ဝင်ရောက်နိုင်မယ့် နည်းလမ်းကို ရှာဖွေပြီး IIMM နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
မြတ်သဇင်