Home
နိုင်ငံတကာ
တူရကီနှင့် အီရတ် စစ်ရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူ
DVB
·
August 16, 2024
Photo-TURKISH FOREIGN MINISTRY

တူရကီနဲ့ အီရတ်တို့ဟာ စစ်ရေး၊ လုံခြုံရေးနဲ့ အကြမ်းဖက်မှုနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း တူရကီ နိုင်ငံခြားရေးဝန်ကြီး ဟာကန် ဖီဒန်က အန်ကာရာမှာ လုံခြုံရေးအဆင့်မြင့် ဆွေးနွေးပွဲအပြီး သြဂုတ် ၁၅ ရက်က ပြောကြားခဲ့ပါတယ်။

နှစ်ဖက်စလုံးက ကာကွယ်ရေးဝန်ကြီးတွေ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ဟာ သမိုင်းဝင် အရေးကြီးတယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီး ဖီဒန်က ပြောကြားခဲ့ပြီး  အီရတ်နိုင်ငံခြားရေးဝန်ကြီး ဖှူဝါ့ဒ် ဟူစိန် ကလည်း ဒီနယ်ပယ်မှာတော့ အီရတ်နဲ့ တူရကီသမိုင်းမှာ ပထမဆုံးပဲလို့ ပြောဆိုခဲ့ပါတယ်။

သဘောတူညီချက်အရ ဘဂ္ဂဒက်မှာ ပူးတွဲလုံခြုံရေး ညှိနှိုင်းရေးစင်တာတခု တည်ထောင်မှာဖြစ်ပြီး တူရကီဘက်ရှိ ဘာရှီးကာမှာ ပူးတွဲလေ့ကျင့်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဌာနကို တည်ထောင်သွားမှာဖြစ်ကြောင်း တူရကီ သံတမန်သတင်းရင်းမြစ်တခုက ပြောကြားခဲ့ပါတယ်။

ဘာရှီးကာ လေ့ကျင့်ရေးစခန်းအတွက် တာဝန်က အီရတ် လက်နက်ကိုင်တပ်ဖွဲ့တွေ အပေါ်မှာပဲ ရှိလိမ့်မယ်လို့ အီရတ်နိုင်ငံခြားရေးဝန်ကြီး ဟူစိန်က ပြောဆိုခဲ့ပြီး အသေးစိတ်တွေတော့ မပြောခဲ့ပါဘူး။

အိမ်နီးချင်းနိုင်ငံတွေဟာ မကြာသေးမီနှစ်တွေအတွင်း အန်ကာရာရဲ့ နယ်စပ်ဖြတ်ကျော် စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ အီရတ်နိုင်ငံ မြောက်ပိုင်းရှိ တောင်ထူထပ်တဲ့ဒေသမှာ အခြေစိုက်ထားတဲ့ တရားမဝင် ကာဒစ်စတန် အလုပ်သမားပါတီ (PKK) စစ်သွေးကြွတွေကို ဆန့်ကျင်တဲ့ စစ်ဆင်ရေးတွေမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိနေတာပါ။

စစ်ဆင်ရေးတွေဟာ သူ့ရဲ့အချုပ်အခြာအာဏာကို ချိုးဖောက်တယ်လို့ အီရတ်က ပြောကြားပေမဲ့ အန်ကာရာကလည်း သူတို့ကိုယ်တိုင် ကာကွယ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လုံခြုံရေးဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲတွေ ကျင်းပဖို့ သဘောတူညီခဲ့ကြပြီး ဧပြီလမှာ ဘဂ္ဂဒက်ကို တူရကီသမ္မတ တေယစ်အာဒိုဂန် သွားရောက်ခဲ့ပြီးနောက်မှာ ဆက်ဆံရေးဟာ အဆင့်သစ်ကို ရောက်ရှိသွားပြီလို့ ပြောကြားခဲ့ကာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆက်ဆံရေး ပိုကောင်းမွန်လာခဲ့ပါတယ်။

အန်ကာရာနဲ့ ဘဂ္ဂဒက်တို့ဟာ တွေ့ဆုံဆွေးနွေးရေး ယန္တရားရဲ့ တစိတ်တပိုင်းအဖြစ် အခုသီတင်းပတ်အတွင်းမှာ စတုတ္ထအကြိမ် အစည်းအဝေးတွေကို ကျင်းပခဲ့ပါတယ်။

မတ်လမှာ အီရတ်က PKK ကို အီရတ်မှာ တားမြစ်ထားတဲ့ အဖွဲ့အစည်းအဖြစ် တံဆိပ်တပ်ခဲ့ပြီး ဒီလုပ်ရပ်ကို တူရကီက ကြိုဆိုခဲ့ပါတယ်။

တနင်္လာနေ့က တူရကီကာကွယ်ရေးဝန်ကြီး ယာဆာ ဂူလာက ရိုက်တာသတင်းဌာနကို ပြောရာမှာ အကြမ်းဖက်မှုနှိမ်နင်းရေးမှာ တူရကီနဲ့ အီရတ်တို့ရဲ့ မကြာသေးမီက လုပ်ဆောင်ခဲ့တဲ့ အဆင့်တွေဟာ ၂ နိုင်ငံ ဆက်ဆံရေးအတွက် အချိုးအကွေ့တခုဖြစ်ကြောင်း ပြောသွားပါတယ်။

အန်ကာရာက ဘဂ္ဂဒက်ကို နောက်ထပ်ခြေတလှမ်း လှမ်းပြီး PKK ကို အကြမ်းဖက်အဖွဲ့အဖြစ် တတ်နိုင်သမျှ အမြန်ဆုံး တံဆိပ်ကပ်စေချင်နေတာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013