ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ ဒီတပတ် တေလာဆွစ် ဖျော်ဖြေမယ့် ရှိုးပွဲ ၃ ခုကို အကြမ်းဖက် တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်ကြောင့် ဖျက်သိမ်းလိုက်တယ်လို့ ပွဲစီစဉ်သူတွေက ကြေညာလိုက်ပါတယ်။
အဖြစ်ဆိုးကြီးကြုံရမယ့်အရေးက ရှောင်လွှဲလိုက်နိုင်တယ်လို့ ဩစတြီးယားနိုင်ငံ အဓိပတိ ကားလ်နီးဟမ်းမားက ပြောပါတယ်။
ရဲတပ်ဖွဲ့နဲ့ အသစ်ထူထောင်ထားတဲ့ ထောက်လှမ်းရေးအဖွဲ့ DSN ဟာ ပြည်ပထောက်လှမ်းရေးတွေနဲ့ ပူးပေါင်းပြီး ကြိုတင်ဖော်ထုတ်၊ ရှင်းလင်းပြီး အဖြစ်ဆိုးကြီးကို ဟန့်တားလိုက်နိုင်တယ်လို့ ဩစတြီးယား အဓိပတိက ပြောပါတယ်။
DSN ဟာ လုံခြုံရေးနဲ့ ထောက်လှမ်းရေး ညွှန်ကြားမှုရုံးဖြစ်ပြီး အသစ်ဖွဲ့စည်းထားတဲ့ ထောက်လှမ်းရေးအဖွဲ့အစည်း ဖြစ်ပါတယ်။
အားနက်စ်ဟက်ပဲလ် ကွင်းကြီးကို အကြမ်းဖက်တိုက်ခိုက်ဖို့ အစီအစဉ်ရှိတယ်လို့ အစိုးရ တာဝန်ရှိသူတွေက အသိပေးလာတဲ့အတွက် အားလုံး လုံခြုံရေးအတွက် စီစဉ်ထားတဲ့ ရှိုးပွဲ ၃ ခုကို ဖျက်သိမ်းဖို့ကလွဲရင် ရွေးချယ်စရာ မရှိတော့ဘူးလို့ ပွဲစီစဉ်တဲ့ Barracuda.music အဖွဲ့က ထုတ်ပြန်ပါတယ်။ လက်မှတ်တွေအားလုံးကို ငွေပြန်အမ်းပေးသွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။
ကျူးလွန်ဖို့ ကြိုးစားသူတဦးဟာ အသက် ၁၉ နှစ်အရွယ်ရှိသူဖြစ်ပြီး ဩစတြီးယားနိုင်ငံသား ဖြစ်ပေမဲ့ အစ္စလာမ္မစ်စတိတ် (IS) အဖွဲ့ကို သစ္စာခံထားသူဖြစ်တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။ နောက်ထပ် သံသယူရှိသူတဦးကိုလည်း ဗီယင်နာမြို့မှာပဲ ထပ်မံဖမ်းဆီးခဲ့ပါတယ်။
ဩစတြီးယားအောက်ပိုင်း တာနစ်ဇ်က သံသယရှိသူတဦးရဲ့ နေအိမ်ကိုလည်း ရဲက ဝင်ရှာခဲ့ပါတယ်။ လက်ရှိမှာ ၃ ဦးလွတ်နေသေးတယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။
Source-Reuters