၉/၁၁ အကြမ်းဖက်မှုနောက်ကွယ်က ကြိုးကိုင်သူတဦးဖြစ်တဲ့ ခါလစ်ရှိတ်မိုဟာမက်နဲ့ တခြား တရားခံ ၂ ဦးဟာ သေဒဏ်ကင်းလွတ်ခွင့်ရဖို့ အပြစ်ရှိကြောင်းဝန်ခံဖို့ သဘောတူညီချက် ရခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မိုဟာမက်နဲ့အတူ ဝါလစ်ဘင် အတက်ရှ်၊ မူစတာဖာ အယ်လ်ဟော်ဆာဝီတို့နဲ့ ၂၇ လတာ ညှိနှိုင်းပြီး ရရှိခဲ့တဲ့ ရုံးမတင်မီ သဘောတူညီချက်ကို ၉/၁၁ မှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေနဲ့ ရှင်ကျန်ခဲ့သူတွေထံပါ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
လူ ၂,၉၇၆ ဦးကို သတ်ဖြတ်မှု အပါအဝင် စွဲချက်အားလုံးအတွက် အပြစ်ရှိတယ်လို့ သူတို့ ၃ ဦးစလုံးက ဝန်ခံဖို့ သဘောတူညီခဲ့တာပါ။
နောက်တပတ်စတင်မယ့် ကြားနာမှုမှာ မိုဟာမက်နဲ့ ပူးတွဲတရားခံတွေဟာ အပြစ်ရှိကြောင်း ထွက်ဆိုကြမှာ ဖြစ်ပါတယ်။
ခါလစ်ရှိတ် မိုဟာမက်ဟာ နယူးယောက်က ဝေါထရိတ်စင်တာနဲ့ ပင်တဂွန်စစ်ဌာနချုပ်ကို ပြန်ပေးဆွဲထားတဲ့ လေယာဉ်တွေနဲ့ ဝင်တိုက်ဖို့ နောက်ကွယ်က အဓိက စီမံဆောင်ရွက်ခဲ့သူလို့ စွပ်စွဲခံရသူ ဖြစ်ပါတယ်။
၂၀၀၃ ကတည်းက မိုဟာမက်ကို ပါကစ္စတန်မှာ ဖမ်းမိခဲ့တာဖြစ်ပေမဲ့ ၁၂ နှစ်လောက် ရုံးမတင်နိုင်ဘဲ ဖြစ်နေတာပါ။
အခုလို သဘောတူညီမှုနဲ့ ရှေ့ဆက်လိုက်တဲ့အပေါ် သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေရဲ့ တုံ့ပြန်မှုက အမျိုးမျိုးရှိနိုင်တယ်လို့ နားလည်ထားကြောင်း အစိုးရရှေ့နေတွေက ထုတ်ပြန်ပါတယ်။
အခုလို အပြစ်ရှိကြောင်း ဝန်ခံလိုက်တာကြောင့် သေဒဏ်အထိပေးလို့ရတဲ့ ရှည်လျားပြီး ရှုပ်ထွေးတဲ့ ရုံးတင်စစ်ဆေးမှုမျိုးကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။
စီအိုင်အေ အကျဉ်းစခန်းတွေမှာ သူတို့ကို လျှို့ဝှက်နှိပ်စက် စစ်မေးခဲ့တဲ့ကိစ္စတွေကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ ခေါင်းခဲစရာ ဖြစ်ခဲ့ရပါတယ်။
ညှဉ်းပန်းနှိပ်စက်ပြီး ရလာတဲ့ သက်သေထွက်ချက်တွေဟာ ရုံးတင်လို့ရနိုင်ပါ့မလား ဆိုတာ ဥပဒေရေးရာပြဿနာ ဖြစ်လာခဲ့ပါတယ်။
တရားခွင်ကို ၂၀၂၁ ကတည်းက စဖို့ စီစဉ်ထားပေမဲ့ တရားသူကြီး ၂ ဦး နုတ်ထွက်သွားတာနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ရွှေ့ခဲ့ရပါတယ်။
Source-Reuters