မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုလှိုင်းလုံးတွေကနေ လွတ်မြောက်ခိုလှုံဖို့ ကြိုးစားကြတဲ့ မက္ကဆီကန် မိသားစုတွေ ရာနဲ့ချီပြီး ဂွါတီမာလာနိုင်ငံကို ရောက်ရှိလာခဲ့ကြပါတယ်။
မက္ကဆီကန် မိသားစုတွေဟာ မက္ကဆီကိုဘက်ခြမ်းရှိ အုပ်စုတွေအကြားက တိုက်ပွဲတွေကနေ လွတ်မြောက်လာကြတယ်လို့ ဂွါတီမာလာသမ္မတ ဘာနာဒို အာရီဗာလိုက ဗုဒ္ဓဟူးနေ့မှာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ကွီလ်ကိုမှာ ခိုလှုံနေကြတဲ့ မက္ကဆီကန်လူဦးရေနဲ့ ပတ်သက်ပြီး ဂွာတီမာလာ အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးဌာနမှတဆင့် ဟွေဟွေတယ်နန်ဂိုမြို့နဲ့ ကွီလ်ကို စည်ပင်သာယာရေးဌာန အာဏာပိုင်တွေနဲ့ အစကတည်းက ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မက္ကဆီကိုဘက်ခြမ်းရှိ ဂိုဏ်းအုပ်စုတွေအကြား တိုက်ပွဲတွေကနေ လွတ်မြောက်လာသူတွေအရေး အာရုံစိုက်ပြီး ညှိနှိုင်းဆောင်ရွက်ကြမှာဖြစ်တယ်။”
မက္ကဆီကိုနိုင်ငံ တောင်ပိုင်းနယ်စပ်ရှိ ချီယာပါစ်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့တွေက မြို့တွင်း ဝင်ရောက် စီးနင်းကာ ရိုင်ဖယ်တွေနဲ့ခြိမ်းခြောက်ပြီး သူတို့အိမ်တွေကနေ ထွက်သွားဖို့ ပြောလာခဲ့ကြပြီးနောက်မှာတော့ နယ်စပ်မြို့ ၂ မြို့မှ ဒေသခံတွေဟာ ဂွါတီမာလာကို ဇူလိုင် ၂၃ ရက်မှာ စတင်ရောက်ရှိလာခဲ့ကြကြောင်း ဒေသတွင်း မီဒီယာတွေက ထုတ်ပြန်ပါတယ်။
ဂွါတီမာလာအစိုးရ ပံ့ပိုးပေးထားတဲ့ ဗီဒီယိုတွေမှာတော့ ဂွါတီမာလာနယ်မြေအတွင်းကို ဝင်ရောက်ဖို့ တောင်တန်းတွေ တလျှောက် လမ်းလျှောက်လာနေကြတဲ့ လူဒါဇင်ပေါင်းများစွာကို မြင်တွေ့ရပါတယ်။
မက္ကဆီကိုအစိုးရဟာ နိုင်ငံတောင်ပိုင်းက အကြမ်းဖက်မှုလှိုင်းလုံးတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။
ချီယာပါစ် ဒေသခံတွေဟာ သိပ်မကြာသေးတဲ့ နှစ်ပိုင်းအတွင်း အကြမ်းဖက်မှုတွေ မြင့်တက်လာပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ငွေညှစ်မှုတွေလည်း တိုးလာကြောင်း ပြောခဲ့ကြပါတယ်။
တချိန်က အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေကြောင့် အထိမခံတဲ့ ချီယာပါစ် ဒေသဟာ အခုတော့ အင်အားကြီး ဟာလစ်စ်ကို မျိုးဆက်သစ်ဂိုဏ်းနဲ့ ဆီနာလိုအာ ဂိုဏ်းတွေကြားက နယ်မြေလုတိုက်ပွဲတွေ ဖြစ်ပွားရာနေရာ ဖြစ်နေပြီး အကြမ်းဖက်မှုတွေနဲ့ ငွေညှစ်မှုတွေကြောင့် လူတွေ ပိုပြီးထွက်ပြေးလာခဲ့ကြပါတယ်။
Source-Reuters