အပူပိုင်း ဟာရီကိန်းမုန်တိုင်း ဂျွန်ဟာ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက ကုန်းတွင်းပိုင်းကို ရွေ့လျားလာခဲ့တာကြောင့် မက္ကဆီကိုနိုင်ငံတောင်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းတလျှောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုအန္တရာယ် ခြိမ်းခြောက်မှုတွေရှိခဲ့ကာ အနည်းဆုံး လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။
မက္ကဆီကိုပြည်နယ် အများအပြားကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မုန်တိုင်းကြောင့် သစ်ပင်တွေနဲ့ လျှပ်စစ်ဓာတ်မီးတိုင်တွေ ကျွတ်ထွက်ကုန်ပြီး ခေါင်မိုးတွေလည်း ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူတွေက အင်္ဂါနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကုန်တင်ဆိပ်ကမ်းတွေနဲ့ နိုင်ငံရဲ့ ထိပ်တန်း ကမ်းခြေအပန်းဖြေစခန်းတွေ ၂ ခုလုံး တည်ရှိရာဖြစ်တဲ့ မုန်တိုင်းဘေးသင့်နယ်မြေမှာ ဒေသတွင်း ဓာတ်အားသုံးစွဲသူ ၃ ပုံ ၂ ပုံလောက်က လျှပ်စစ်မီးပြတ်တောက်နေပြီး ဖုန်းဝန်ဆောင်မှုလည်း ထိခိုက်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဝါဟာကာပြည်နယ်ရှိ ခရီးသွားတွေအကြား ရေပန်းစားတဲ့ ပွါတို အက်စ်ကွန်ဒီဒိုနဲ့ ဟွာတူလ်ကို လေဆိပ်တွေကို ပိတ်ထားခဲ့ပါတယ်။
ဂွါရဲရိုပြည်နယ်၊ လာကွာချီစ် လာဟွာကာ မြို့ငယ်လေးမှာ ရွှံ့မြေပြိုကျမှုကြောင့် လူ ၂ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
တတိယသေဆုံးမှုကတော့ မာလီနာတေပက် ခရိုင်ရှိ ဂွါရဲရို တောင်တန်းဒေသမှာ ရှိခဲ့တယ်လို့ ပြည်နယ် အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မက္ကဆီကိုနိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်နယ်တခုဖြစ်တဲ့ ဂွါရဲရိုပြည်နယ်မှာ နောက်ထပ် “ပြင်းထန်တဲ့ မိုးရွာသွန်းမှု” ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသား အရေးပေါ်ဝန်ဆောင်မှုဌာန အကြီးအကဲ လော်ရာ ဗေလာကွက်ဇ်က ပြောကြားခဲ့ပါတယ်။
အခုချိန်ထိ စုပေါင်းမိုးရေချိန်ဟာ ၁၁ လက်မနီးပါး (၂၈ စင်တီမီတာ) ရှိတယ်လို့လည်း ဆိုပါတယ်။
ဟာရီကိန်း ဂျွန်ဟာ စက်တင်ဘာ ၂၃ ရက် နှောင်းပိုင်းက မက္ကဆီကိုနိုင်ငံတောင်ပိုင်း ပစိဖိတ် ကမ်းရိုးတန်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီးနောက် အပူပိုင်းမုန်တိုင်းအဖြစ် အဆင့်လျော့ကျခဲ့ကာ အနောက်မြောက်ဘက်ကို ရွေ့လျားသွားကြောင်း အမေရိကန် အမျိုးသားဟာရီကိန်းစင်တာရဲ့ နောက်ဆုံးအကြံပေးချက်မှာ ပြောကြားခဲ့ပါတယ်။
ဒေသခံတွေကို ကုန်းမြေပိုမြင့်တဲ့နေရာတွေဆီ ရှာဖွေရွှေ့ပြောင်းကြဖို့ မက္ကဆီကိုသမ္မတ အန်ဒရေးစ် မာနူယယ် လိုပက်ဇ် အိုဘရာဒေါက တနင်္လာနေ့မှာ တိုက်တွန်းခဲ့ပြီး အသက်တွေကို ကယ်တင်နိုင်ဖို့က ဦးစားပေးကိစ္စဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
မိုးရေချိန် ၁၀ လက်မလောက် ကျော်လွန်နိုင်ပြီး ပြင်းထန်တဲ့ ရေကြီးမှုနဲ့ ရွှံ့မြေပြိုမှုတွေ ဖြစ်ပွားနိုင်တဲ့ ဂွါရဲရိုနဲ့ ဝါဟာကာ ဒေသတွေအတွက် အာဏာပိုင်တွေက အနီရောင် သတိပေးချက် ထုတ်ပြန်ကြေညာထားပါတယ်။
Source-Reuters